Skip to main content

နိုင်ငံအချင်းချင်းရင်းနှီးချစ်ကြည် အတူပူးပေါင်းလက်တွဲဆောင်ရွက်

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ ဖျက်သင်္ဘော၊ ဖရီးဂိတ်စစ်ရေယာဉ်နှင့် ထောက်ပံ့ရေးစစ်ရေယာဉ်သုံးစင်းတို့နှင့်အတူ အရာရှိ၊ စစ်သည် ၇၀၀ ခန့်လိုက်ပါလာသည့်အဖွဲ့သည်  နိုဝင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ရောက်ရှိခဲ့ပြီး ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာလည်ပတ်ကာ နှစ်နိုင်ငံချစ်ကြည်ရေးအားကစားပြိုင်ပွဲများ  ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၂ ရက်နေ့ကလည်း ရုရှားရေတပ်မှ ဖျက်သင်္ဘောနှစ်စင်းနှင့် အရာရှိ၊ စစ်သည် ၈၀၀ ခန့်လိုက်ပါလာသည့်အဖွဲ့သည် ပထမအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းများ ဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေး ခရီးလည်ပတ်ရန်အတွက် ရန်ကုန်မြို့သို့ရောက်ရှိခဲ့ပြီး ရန်ကုန်၊ နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများပြုလုပ်ခြင်း၊ နှစ်နိုင်ငံတပ်မတော်ကြား ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကျင့်သုံးလျက်ရှိသည်။ ကမ္ဘာပေါ်ရှိနိုင်ငံများအားလုံးနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေးနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅)ရပ်ပေါ်တွင်အခြေခံ၍ ထိတွေ့ဆက်ဆံလျက်ရှိသည်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ရင်းနှီးချစ်ကြည်စွာ လက်တွဲပူးပေါင်းဆက်ဆံနေထိုင်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ မိမိနိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းကိုလည်း လက်မခံဆန့်ကျင်လျက်ရှိသည်။

မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံတို့သည် ကာလရှည်ကြာ မိတ်ဖက်ဆက်ဆံရေးကို ထူထောင်နိုင်ခဲ့သည့် မိတ်ကောင်းဆွေကောင်းနိုင်ငံဖြစ်သည်။ နှစ်နိုင်ငံအစိုးရကြား၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား၊ နှစ်နိုင်ငံပြည်သူများကြား ဆက်ဆံရေးကောင်းများ တည်ဆောက်နိုင်ခဲ့သည်။ မျက်မှောက်ကာလ၌  စစ်ဘက်ဆက်ဆံရေး၊ အရပ်ဘက်ဆက်ဆံရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးတို့တွင် နှစ်နိုင်ငံလက်တွဲပူးပေါင်းဆောင်ရွက်နိုင်မှုများကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှင့် ရင်းနှီးချစ်ကြည်လက်တွဲပူးပေါင်းဆောင်ရွက်မှုများကို အမြင့်မားဆုံးတည်ဆောက်နိုင်ခဲ့သည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် နှစ်ပေါင်းထောင်ချီရှည်လျားခဲ့သည့် ဆွေမျိုးပေါက်ဖော် မိတ်ဖက်နိုင်ငံဖြစ်ပြီး မဟာဗျူဟာ မိတ်ဖက်နိုင်ငံလည်းဖြစ်သည်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်ကို လေးစားလိုက်နာပြီး နှစ်နိုင်ငံအစိုးရ၊ နှစ်နိုင်ငံတပ်မတော်နှင့် နှစ်နိုင်ငံပြည်သူများအကြား ခိုင်မာသည့်ချစ်ကြည် ရင်းနှီးမှုများ တည်ဆောက်ထားသည်။ အထူးသဖြင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဖြင့် စီးပွားရေးကို အမြင့်မားဆုံးဆောင်ရွက်လျက်ရှိသည်။ မကြာသေးမီက နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မရှုဆိတ်နိုင်သော ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းသူများနှင့်     အပေါင်းပါပြည်ဖျက်မီဒီယာများက အထင်အမြင်လွဲမှားမှုဖြစ်အောင် အဖျက်လုပ်ရပ်များ လုပ်ကိုင်ခဲ့သည်။

နှစ်နိုင်ငံစီးပွားကုန်သွယ်မှုတွင် အဓိကကျသည့် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်တွင် လမ်း၊ တံတားများ၊ ကုန်သွယ်ရေးဆိုင်ရာ ဂိတ်၊ စခန်းများကို ဖျက်ဆီးခဲ့ကြရာ နှစ်နိုင်ငံစီးပွားဆက်သွယ်ရေး၊ ပြည်သူလူထု၏ စီးပွားရေးနှင့် လူမှုစီးပွားဘဝတည်ငြိမ်စွာလည်ပတ်နေမှုကို ထိခိုက်စေခဲ့သည်။ ထို့အပြင် တရုတ်-မြန်မာ ရေနံဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို နှောင့်ယှက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အနေဖြင့် လုံခြုံရေးအတွက် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက် ရှိသည်ကို တွေ့မြင်ရသည်။ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှုရှိစေရေး၊ လုံခြုံမှုရှိစေရေး၊ တရားဥပဒေစိုးမိုးရေးအတွက် အသိပေးအကြောင်းကြား၍ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍လည်း နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ၌ ရင်းနှီးချစ်ကြည်စွာ လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေးမူဝါဒအပေါ်တွင် ရပ်တည်လျက်ရှိပြီး မြန်မာ့တပ်မတော်နှင့်အတူ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကို အမြဲတမ်းလက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားထားသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံနှင့်အတူ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅)ရပ်ကို လိုက်နာပြီး နေထိုင်ဆောင်ရွက်လျက်ရှိကာ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးနှင့်လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ 

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်လျက်ရှိပြီး နိုင်ငံအချင်းချင်း အထူးသဖြင့် မိတ်ဖက်နိုင်ငံများနှင့် ရင်းနှီးချစ်ကြည်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေး တိုးတက်ကောင်းမွန်မှုတို့အတွက် လက်တွဲပူးပေါင်းဆောင်ရွက်မှုများကို     ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။                  ။

ကြေးမုံအယ်ဒီတာ့အာဘော်