Skip to main content

ကိုရီးယား - မြန်မာ ပူးပေါင်းရိုက်ကူးထုတ်လုပ်မည့် လူငယ်ဒရာမာရုပ်သံဇာတ်လမ်းတွဲနှင့် အားကစားအစီအစဉ်အတွက် သရုပ်ဆောင်ရွေးချယ်ပွဲ မြန်မာ့ရုပ်မြင်သံကြား၌ ကျင်းပ

ရန်ကုန် အောက်တိုဘာ ၁၈

ကိုရီးယား - မြန်မာ ပူးပေါင်းရိုက်ကူးထုတ်လုပ်မည့် လူငယ်ဒရာမာရုပ်သံဇာတ်လမ်းတွဲနှင့် အားကစားအစီအစဉ် (All PASS DRAMA & Sports Game) တို့အတွက် သရုပ်ဆောင်ရွေးချယ်ပွဲ (Audition) ကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့ရုပ်မြင်သံကြားတွင် ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် နှစ်ကြိမ်ခွဲ၍ ကျင်းပရာ မြန်မာနိုင်ငံမှ အသက်(၁၈) နှစ်မှ (၃၀) နှစ်အကြား ရွှေကြိုအနုပညာရှင် သရုပ်ဆောင်များ၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၊ စိတ်ပါ ဝင်စားသူလူငယ်များ ပါဝင်ယှဉ်ပြိုင်ကြသည်။

အဆိုပါ ဇာတ်လမ်းတွဲအား ကိုရီးယား- မြန်မာ နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်နိုင်ရန်၊ နှစ်နိုင်ငံတို့မှ လူငယ်ပရိသတ်များ အရည်အချင်း တိုးတက်လာစေရန်နှင့် စိတ်ခွန်အားပေးနိုင်ရန် ရည်ရွယ်ချက်တို့ ဖြင့် ကိုရီးယားနှင့် မြန်မာနိုင်ငံတို့မှ လူငယ်သရုပ်ဆောင်များကို အဓိကသရုပ်ဆောင်နှင့် ဇာတ်ပို့/ ဇာတ်ရန်များ ခွဲခြား ၍ စိစစ်ရွေးချယ်ကြမည်ဖြစ်ပြီး ရုပ်သံဇာတ်လမ်းတွဲအား ကိုရီးယားနှင့် မြန်မာ နိုင်ငံတို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် အပြန်အလှန် သွားရောက်ကာ ပူးပေါင်းရိုက်ကူးကြမည်ဖြစ်သည်။

ထို့ပြင် Sports Game ရုပ်သံအစီအစဉ်တွင် ပါဝင်မည့် သရုပ်ဆောင်အဖွဲ့ကိုလည်း တစ်ပါတည်း စိစစ်ရွေးချယ်မည်ဖြစ်ပြီး ကိုရီးယားဒါရိုက်တာဖြင့် နေပြည်တော်တွင် Indoor/Outdoor ခွဲခြား၍ ၂၀၂၆ ခုနှစ် ဇန်နဝါရီလဆန်းတွင် ရိုက်ကူးကြမည်ဖြစ်သည်။

ယနေ့ Audition သို့ ကိုရီးယားနိုင်ငံမှ ဇာတ်လမ်းရိုက်ကူးမည့် ဒါရိုက်တာ Mr. GYE, YOON SIK ၊ Sidus HQ Entertainment Company ဥက္ကဋ္ဌ Mr. CHUNG HOONKWANG ၊ ကိုရီးယားရုပ်သံ ကုမ္ပဏီ KK Media မှ ဒါရိုက်တာနှစ်ဦး စုစုပေါင်း လေးဦးတို့က အကဲဖြတ်ဒိုင်များအဖြစ် ဆောင်ရွက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ လူငယ်အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၂၁ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ အောက်တိုဘာ ၁၉ ရက်တွင် ဆက်လက်ပြုလုပ်ကြမည်ဖြစ်သည်။

အလားတူ Audition အား ကိုရီးယားနိုင်ငံတွင်လည်း ၂၀၂၅ခုနှစ် စက်တင်ဘာ ၂၄ ရက်တို့တွင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ကိုရီးယား - မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု နှစ် (၅၀) ပြည့်မြောက်မှုအား ဂုဏ်ပြုသောအားဖြင့် အဆိုပါအစီအစဉ်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလဆန်းတွင် စတင်ရိုက်ကူးပြီး မတ်လအပြီးရိုက်ကူး ထုတ်လုပ်ပြသနိုင်ရန် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) နှင့် ကိုရီးယား နိုင်ငံ KK Media Co., Ltd.တို့ ခွဲဝေကျခံ၍ ပူးပေါင်းရိုက်ကူးထုတ်လုပ်ပြီး ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်