ဘားအံ ဩဂုတ် ၂၈
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့ မွန်းလွှဲ ၃ နာရီခန့်က ဘားအံမြို့နယ် နှစ်ခြားကျေးရွာအုပ်စုနှင့် ဝဲကြီးကျေးရွာအုပ်စုတို့ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ် အောက် ကလေးငယ်များအား တတိယအကြိမ်နှင့်စတုတ္ထအကြိမ် ထောက်ပံငွေများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
ရှေ့ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နှစ်ခြားကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ နှစ်ခြားကျေးရွာအုပ်စုရှိ ကိုယ်ဝန် ဆောင်မိခင် (၃၇) ဦး၊ အသက် (၂) နှစ်အောက် ကလေးငယ် (၁၂၈) ဦး၊ စုစုပေါင်း (၁၆၅) ဦးအတွက် တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေကျပ် (၇၄၂၅၀၀၀) (ခုနှစ်ဆယ့်လေးသိန်းနှစ်သောင်းငါးထောင်ကျပ်)ကို နှစ်ခြားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံပေးအပ်ခဲ့ပြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တက်ရောက်လာသော ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးများအား ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဝဲကြီးကျေးရွာသာသနာ့ မဏ္ဍိုင်ဝဲကြီးကျောင်းဟောင်း စိတ္တသုခကာရီဓမ္မာရုံ၌ ဝဲကြီးကျေးရွာအုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင် (၃၆) ဦး၊ အသက် (၂) နှစ်အောက်ကလေးငယ် (၁၁၆) ဦး၊ စုစုပေါင်း (၁၅၂) ဦးအတွက် တတိယအကြိမ်နှင့် စတုတ္ထအကြိမ်ထောက်ပံ့ငွေ (၆၈၄၀၀၀၀) (ခြောက်ဆယ်ရှစ်သိန်း လေးသောင်းကျပ်)ကို ဝဲကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံပေးအပ်ခဲ့ပြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တက်ရောက်လာသော ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက်ကလေးများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရှိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)