Skip to main content

မာရဝိဇယ‌ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်မှာ ဆီမီးပူဇော်တာတွေ၊ မီးပုံးပျံလွှတ်တင်တာတွေ၊ မီးရှူးမီးပန်း ပစ်ဖောက်ပူဇော်တာတွေ မြင်တွေ့ရတာ အလွန်ကြည်ညိုဖွယ် ကောင်းလွန်းပါတယ်

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပရိဝုဏ်တွင် ယမန်နေ့ညနေပိုင်းမှစတင်၍ တန်ဆောင်တိုင်မီးထွန်းပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

အဆိုပါပွဲတော်တွင် ဆီမီး ၉၀၀၀ ကပ်လှူပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များက ဝတ်ရွတ်စဉ်များ ရွတ်ဆိုခြင်း၊ မီးရှူးမီးပန်းများပစ်လွှတ်ခြင်း၊ အလှညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံကြီးများ လွှတ်တင်ခြင်း၊ နာမည်ကျော်တေးသံရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ ဖွင့်လှစ်၍လည်း ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချ‌ပေးခြင်း စသည့်အစီအစဉ်ကောင်းများဖြင့် ကျင်းပပေးလျက်ရှိရာ ပွဲတော်သို့အနယ်နယ်အရပ်ရပ်မှ ကုသိုလ်ယူလာရောက်ဆင်နွှဲကြသည့် ဘုရားဖူးလာပြည်သူများ၏ ဝမ်းသာပီတိ စကားသံများကို မေးမြန်းရေးသား ဖော်ပြ လိုက်ပါသည်။

အရှင်အဂ္ဂဓမ္မ

(နေပြည်တော်၊ ဗုဒ္ဓဂါယာကျောင်းထိုင် ဆရာတော်)

မာရဝိဇယဘုရားကြီးကို ဦးပဉ္ဇင်းရဲ့ ခမည်းတော်၊ မယ်တော်နဲ့ရန်ကုန်က နောင်တော်ကြီးတစ်ပါးကိုလိုက်ပို့ရင်း လာရောက်ဖူးမြော်တာပါ။ ဒီဘုရားကြီးကို လာရောက်ဖူးမြော်တာ အခုဆိုရင်ခြောက်ကြိမ်၊ ခုနစ်ကြိမ်လောက်ရှိပါပြီ။ ဘုရားကြီးက အေးချမ်းတယ်။ ကြည်ညိုစရာလည်းကောင်းတယ်။ လာရောက်ဖူးမြော်ကြဖို့လည်း တိုက်တွန်းတယ်။ ဘုရား၊ ကျောင်းကန်တွေ တည်ဆောက်တယ်ဆိုတာ မင်းကောင်းမင်းမြတ်တွေ လုပ်ဆောင်ကြတဲ့ အရာတွေလည်းဖြစ်တယ်။ နောင်ခေတ်တွေမှာလည်း ဘုရားကြီးက သမိုင်းတစ်ခုအနေနဲ့လည်း ကျန်ရစ်မှာပါ။ မာရဝိဇယဘုရားကြီးဟာ နေပြည်တော်မှာလည်း အထင်ကရတစ်ခုဖြစ်သလို၊ မြန်မာနိုင်ငံရဲ့အထင်ကရနေရာ တစ်ခုလည်းဖြစ်တယ်။ ဘုရားလာဖူးကြတဲ့သူတိုင်းက စိတ်အေးချမ်းသာကြရတယ်။ ပီတိဖြစ်ကြရတယ်။ နိုင်ငံတော် အစိုးရအနေနဲ့ အခုလို ဘုရားကြီးကို တည်ထားပေးတဲ့အတွက်လည်း ဝမ်းသာပီတိဖြစ်ရပါတယ်။

ဦးအောင်ရာဇာဖြိုး(မီးသတ်အရာရှိ)

မာရဝိဇယဘုရားကြီးမှာ မီးထွန်း ပွဲတော်ကျင်းပတဲ့အခါ မီးရှူးမီးပန်းပစ်ဖောက်ပူဇော်မယ့်နေရာနဲ့ မုံးပုံးပျံ လွှတ်တင်တဲ့အခါမှာ မီးပွားတွေကျပြီး မီးလန့်မှုတွေ၊ မီးလောင်မှုတွေမဖြစ်ပွားရအောင်လာရောက်ပြီး မီးငြှိမ်းသတ်ရေးတာဝန်တွေ ထမ်းဆောင်တာဖြစ်ပါတယ်။ မီးသတ်တပ်ဖွဲ့ဝင် ၆၀ ၊ မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ ကျောလွယ်မီးငြှိမ်းသတ်စက် ၁၀ လုံး၊ DCP ဘူး ၂၀ ၊ HNE ငါးလုံးတို့ကို အသင့်စုဖွဲ့ထားပါတယ်။ ကြီးကြပ်ကွပ်ကဲမှုကတော့ တိုင်းမီးသတ်ဦးစီးမှူးကနေ ဆောင်ရွက်ပါတယ်။

ဒေါ်စောသိန်းဦး(ဇေယျာသီရိမြို့နယ်)

မာရဝိဇယဘုရားကြီးကို သုံးကြိမ်မြောက် လာရောက်ဖူးမြော်တာပါ။ ဒီနေ့မှာ မာရဝိဇယဘုရားကြီးအပြင် နေပြည်တော် တစ်ခွင်မှာရှိတဲ့ဘုရားတွေကို အပေါင်းအသင်းမိတ်ဆွေတွေနဲ့အတူ တန်ဆောင်တိုင် အလုပ်ပိတ်ရက်ကာလမှာ လာရောက်ဖူးမြော်တာပါ။ လပြည့်နေ့မှာ မလာဖြစ်တော့ ဒီနေ့မှာဘုရားကြီးကိုလာပြီး ဖူးမြော်ကြတာပါ။

ဒေါ်ခင်ဝင်း (မိတ္ထီလာမြို့နယ်)

မာရဝိဇယဘုရားကြီးကို ပြည်သူတွေအနေနဲ့ အခမဲ့ဖူးမြော်ခွင့်ပြုတယ်ဆိုတဲ့ သတင်းတွေကြားကတည်းက ဖူးမြော်ချင်တဲ့ဆန္ဒတွေ အမြဲဖြစ်ပေါ်မိပါတယ်။ ရုပ်မြင်သံကြားသတင်းတွေမှာ ဖူးမြော်ခွင့်ရခဲ့ပါတယ်။ အခုအခါ မိသားစု၊ ရပ်ဆွေရပ်မျိုးတွေစုပြီး ကားနှစ်စီးနဲ့လာရောက် ဖူးမြော်တာဖြစ်ပါတယ်။ မာရဝိဇယ‌ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်မှာ ဆီမီး ပူဇော်တာတွေ၊ မီးပုံးပျံလွှတ်တင်တာတွေ၊ မီးရှူးမီးပန်း ပစ်ဖောက်ပူဇော်တာတွေ မြင်တွေ့ရတာ အလွန်ကြည်ညိုဖွယ် ကောင်းလွန်းပါတယ်။ ဦးဆောင်ဘုရား ဒကာကြီးဖြစ်တဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ကြီးကိုလည်း ဘာသာသာသနာကို အခုလို ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ အတွက် အသက်ရာကျော်ရှည်ပါစေလို့ဆုတောင်းမေတ္တာပို့သပါတယ်။ နိုင်ငံသူ နိုင်ငံသားတွေအားလုံးလည်း ကျန်းမာချမ်းသာပါစေလို့ ဘုရားကြီးကိုဖူးမြော်ရင်း ဆုတောင်းပေးပါတယ်။

မချိုနွယ်ဌေးဝင်း

(ပြန်ကြားရေးဝန်ကြီးဌာန ဝတ်ရွတ်အသင်း)

ဒီနေ့မှာတော့ မာရဝိဇယဘုရားကြီးမှာ ဝန်ကြီးဌာနကိုယ်စားပြုဝတ်ရွတ်အသင်းအနေနဲ့ လာရောက်ရွတ်ဖတ် ပူဇော်ကြတာပါ။ အခြားဝတ်ရွတ်အသင်း ၂၅ သင်း၊ လူဦးရေ ၆၆၀ က ဓမ္မစကြာ၊ ဥပ္ပါတသန္တိသုတ်ပါဠိတော်နဲ့ အရပ်ဆယ်မျက်နှာမေတ္တာပို့ အမျှဝေတာတွေကို လုပ်ဆောင်ကြမှာပါ။ အခုလို ဗုဒ္ဓဘာသာတွေရဲ့ အခါကြီးရက်ကြီးမှာ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ကြီးမှာ ပရိတ်၊ ပဋ္ဌာန်းပါဠိတော်တွေကို လာရောက်ရွတ်ဖတ် ပူဇော်ရတာ ကုသိုလ်ရသလို ဝမ်းသာပီတိဖြစ်ရပါတယ်။ နောင်လည်း အခါအခွင့်ကြုံတိုင်းမှာ ဒီလိုမျိုး ဝတ်ရွတ်အသင်းတွေအနေနဲ့ လာရောက်ရွတ်ဖတ်ပူဇော်သွားမှာပါ။ မနေ့ကလည်း ဘုရားကြီးကိုဖူးမြော်ရင်းနဲ့ ဘုရားပွဲတော်ကို လာရောက်လည်ပတ်ဖြစ်ပါတယ်။ တော်တော်များများ ပျော်ပျော်ရွှင်ရွှင်နဲ့လာရောက်လည်ပတ်ကြတာ တွေ့ရပါတယ်။

ဦးစိန်ကုလား (ရက်ကန်းကြီးကြပ်သူ)

မာရဝိဇယဘုရားကြီးကို ပထမဆုံးအကြိမ် မသိုးသင်္ကန်းကပ်လှူပူဇော်ဖို့အတွက် လာရောက်ကုသိုလ်ယူပါဝင် အားဖြည့်တာဖြစ်ပါတယ်။ ရက်ကန်းအဖွဲ့တွေကတော့ မြောက်ဥက္ကလာ၊ တွံတေး၊ ရွှေပြည်သာ၊ ပဲခူးမြို့တွေကနေ ပါဝင်ကြပြီး ရက်ကန်း ကိုးစင်ဖြစ်ပါ တယ်။ မသိုးသင်္ကန်းဆိုတာ နေ့မကူးဘဲ တစ်ရက်တည်းအပြီးရက်လုပ်ပြီး ပူဇော် ရတာဖြစ်ပါတယ်။ မသိုးသင်္ကန်းကို ရက်လုပ်ပူဇော်တဲ့ ဦးဆောင်ဘုရားဒကာကြီး နိုင်ငံတော်ဝန်ကြီးချုပ်အပြင် လာရောက်ဖူးမြော်တဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက်ပါ ကုသိုလ်တွေရရှိမှာဖြစ်ပါတယ်။ အခုလိုလုပ်အားဒါန ကုသိုလ်ပြုပါဝင်ခွင့်ရတဲ့ အကျိုးကျေးဇူးကြောင့် အားလုံးကျန်းမာချမ်းသာ ဘေးဘယာတွေ ကင်းဝေးကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။

ကိုနိုင်ထက်လင်း

(MSME Association တွဲဖက်အထွေထွေ အတွင်းရေးမှူး ၄)

မာရဝိဇယဘုရားကြီးမှာ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကျင်းပတဲ့အတွက် နိုင်ငံတစ်ဝန်းက လာရောက်ဖူးမြော်ကြည်ညိုကြတဲ့ ရဟန်းရှင်လူပြည်သူတွေကို ကျွန်တော်တို့ MSME လုပ်ငန်းတစ်ခုဖြစ်တဲ့ ကျွန်းနက်နဲ့ ဗုဒ္ဓရုပ်ပွားတော်တွေကို ထုဆစ်ထားပြီး လာရောက်ပြသရခြင်းဖြစ်ပါတယ်။ ကျွန်းနက်နဲ့ထုဆစ်ပူဇော်ထားတဲ့ မာရဝိဇယပုံတူ ဗုဒ္ဓရုပ်ပွားတော်တွေ၊ ကျွန်းနက်နဲ့ပြုလုပ်ထားတဲ့ ပုတီး၊ ကျွန်းနက်နဲ့ပြုလုပ်ထားတဲ့ အမွှေးတိုင်တွေ၊ သံလျက်အဆောင်တွေ လည်ဆွဲ၊ ပုစိန်လည်ဆွဲတွေကို ပြသရောင်းချပေး ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကြီးအနေနဲ့ ကျွန်တော်တို့ MSME အဖွဲ့တွေကို အရင်တုန်းကနဲ့မတူဘဲ အခုအခါ MSME တွေကို တစ်စုတစ်စည်းတည်း ပြသရောင်းချခွင့်ရအောင် ခွင့်ပြုပေးတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ တစ်ဖက်တစ်လမ်းကနေ ဆက်လက်ကြိုးစားသွားပါမယ်။ ဘုရားဖူးလာ ပြည်သူတွေကလည်း ကျွန်းနက်နဲ့ပြုလုပ်ထားတဲ့ ပစ္စည်းတွေကို လာရောက်အားပေးဝယ်ယူကြတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။ မာရဝိဇယဘုရားကြီး ဖူးမြော်ပြီး လိုအင်ဆန္ဒတွေပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

တွေ့ဆုံမေးမြန်း-ဟိန်းထက်ဇော်

(မြန်မာ့အလင်း)

ဓာတ်ပုံ-အိမ့်ဘီလီယံမောင်

ဒေါ်ခင်ဝင်း