Skip to main content

တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးလျက်ရှိသည့် မြဝတီမြို့မှ “စိုးအောင်အောင်” မုန့်တိုက်လုပ်ငန်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားမြင့်မားစေရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝတိုးတက်စေရေးအတွက် “သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရန်” ရည်ရွယ်၍ ဒေသထွက်ကုန်ကြမ်းများကိုအသုံးပြုကာ တစ်ပိုင်တစ်နိုင်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များကို အားပေးကူညီပြီး အလုပ်အကိုင်အခွင့်အလမ်းများကို အဓိကထားဖန်တီးဖော်ဆောင်ပေးလျက်ရှိပါသည်။ ယင်းသို့ အကောင်အထည်ဖော်ဆောင်ရွက်ပေးရာတွင် ကရင်ပြည်နယ် မြဝတီမြို့ အမှတ် (၄) ရပ်ကွက် ဓိဌာန်အောင်ဘုရားလမ်းတွင်တည်ရှိသည့် “စိုးအောင်အောင်” ပေါင်မုန့်၊ ကိတ်မုန့်လုပ်ငန်းမှ ထုတ်လုပ်ဖြန့်ဖြူးနေမှုအခြေအနေကို ပြည်သူများသိရှိစေရန် မုန့်တိုက်လုပ်ငန်းပိုင်ရှင် မနီနီဝင်းနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်-

မေး။ ။ “စိုးအောင်အောင်” မုန့်တိုက်လုပ်ငန်း စတင်တည်ထောင်ဖြစ်ပုံကို သိပါရစေ။

ဖြေ။ ။“စိုးအောင်အောင်” ပေါင်မုန့်၊ ကိတ်မုန့်လုပ်ငန်းကို ၂၀၀၀ ပြည့်နှစ်က စတင်တည်ထောင်ခဲ့ပါတယ်။

မေး။ ။ မုန့်တိုက်လုပ်ငန်းကို မိဘတွေကစပြီး လက်ဆင့်ကမ်း တည်ထောင်ခဲ့တာလား သိချင်ပါတယ်။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ ဒီမုန့်တိုက်လုပ်ငန်းကိုတော့ မိဘတွေ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး သားသမီး တွေက ဆက်လက်လုပ်ကိုင်ပါတယ်။

မေး။ ။ မုန့်တိုက်အနေနဲ့ စားသုံးသူအတွက် ဈေးကွက်မှာ ဝယ်ယူရရှိနိုင်အောင် ထုတ်လုပ်ထားတဲ့ အမျိုးအစား၊ အရေအတွက် သိပါရစေ။

ဖြေ။ ။ ပေါင်မုန့်၊ ကိတ်မုန့်ထုတ်လုပ်မှုအနေနဲ့ အမျိုးအစားအားဖြင့် ၁၂ မျိုး ထုတ်လုပ်ပါတယ်။ ကိတ်မုန့်အမျိုးအစားမှာ ကြက်ဥကိတ်မုန့်နဲ့ ချောကလက်အရသာကိတ်မုန့် ထုတ်လုပ်ပါတယ်၊ ပေါင်မုန့်အမျိုးအစားကတော့ ပလိန်းပေါင်မုန့်၊ နို့ပေါင်မုန့်၊ ချောကလက်အစာသွပ်ပေါင်မုန့်၊ စတော်ဘယ်ရီ၊ နာနတ်သီးအရသာထုတ်လုပ်တာရှိပါတယ်။ ဒါ့အပြင် မုန့်ကြွပ်ခြောက်၊ ကိတ်မုန့်ခြောက်ထုတ်လုပ်ပြီး ဈေးကွက်ထဲ ဖြန့်ဖြူးရောင်းချပေးပါတယ်။

မေး။ ။ မုန့်တိုက်မှ တစ်နေ့ထုတ်လုပ်ဖြန့်ဖြူးမှု အခြေအနေ သိပါရစေ။

ဖြေ။ ။ “စိုးအောင်အောင်” ပေါင်မုန့်၊ ကိတ်မုန့်လုပ်ငန်း ထုတ်လုပ်မှုပမာဏကတော့ များပါတယ်၊ အဓိကအားဖြင့် အလှူမင်္ဂလာ၊ မွေးနေ့အလှူအတွက် အော်ဒါလက်ခံဆောင်ရွက်ပေးပါ တယ်။ ဖြန့်ဖြူးမှုအနေနဲ့မြဝတီမြို့တွင်း စားသောက်ကုန်ဆိုင်တွေ အများဆုံး လက်လီ၊ လက်ကား ဈေးနှုန်းရောင်းချပေးပါတယ်။

မေး။ ။ မုန့်တိုက်လုပ်ငန်းလည်ပတ်မှုအတွက် ဝန်ထမ်းဦးရေ ဘယ်လောက်ရှိပါသလဲ။ ဝန်ထမ်းတွေရဲ့ နေထိုင်မှု ဘယ်လိုစီစဉ်ဆောင်ရွက်ပေးပါသလဲ။

ဖြေ။ ။ မုန့်တိုက်လုပ်ငန်းမှာတော့ ဝန်ထမ်း ဦးရေ အမျိုးသား အမျိုးသမီး စုစုပေါင်း ၂၀ ရှိပါတယ်။ ဝန်ထမ်းတွေရဲ့နေထိုင်မှုအတွက် အဆောင်စီစဉ်ပေးထားပါတယ်။

မေး။ ။ အလုပ်သမားတွေရဲ့ အခြေခံလစာနဲ့ အမြင့်ဆုံးလစာသတ်မှတ်ချက် ဘယ်လိုဆောင်ရွက်ပေးပါသလဲ၊ လာရောက်လုပ်ကိုင်သူတွေက မြဝတီဒေသခံအပြင် အခြားဒေသက လာရောက်လုပ်ကိုင်သူတွေရော ရှိပါ သလား။

ဖြေ။ ။ အလုပ်သမားတွေရဲ့ အခြေခံလစာ ကျပ် နှစ်သိန်းတစ်သောင် သတ်မှတ်ထားပါတယ်။ သီးသန့်မုန့်ဖိုး ထပ်ဆောင်းပေးတာလည်းရှိပါတယ်။ မုန့်တိုက်မှာ လုပ်ကိုင်သူအများစုကတော့ ပဲခူးတိုင်းဒေသကြီးက လာရောက်လုပ်ကိုင်သူများပါတယ်။ ကျွန်မအနေနဲ့ လာရောက်လုပ်ကိုင် တဲ့သူတွေအတွက် ပညာလည်းရ၊ ဝင်ငွေလည်းရတဲ့ Cash for Work မှသာလျှင် ဝန်ထမ်းတွေ အဆင်ပြေမှာပါ၊ ကျန်းမာရေးအနေနဲ့ကတော့ နယ်ဝေးလာရောက်သူအတွက် အစစအရာရာ ဂရုစိုက်ပေး ရပါတယ်။

မေး။ ။ စားသုံးသူတွေအတွက် မုန့်တိုက်အနေနဲ့ ဘယ်လိုနည်းလမ်းအကောင်းဆုံးဝန်ဆောင်မှု ပေးပါသလဲ။ နောက်တစ်ချက်အနေနဲ့ ကျန်းမာရေးအသိအမှတ်ပြု ထောက်ခံချက် ရရှိထားပါသလား။

ဖြေ။ ။ စားသုံးတဲ့ပြည်သူတွေအတွက် ကျန်းမာရေးနဲ့အညီ အာဟာရပြည့်ဝအရသာရှိပြီး သန့်ရှင်းလတ်ဆတ်ဖို့ အဓိကထားပါတယ်။ ထုတ်လုပ်ရက်၊ ကုန်ဆုံးရက်ကိုလည်း သတ်မှတ် ဖော်ပြပေးထားပါတယ်။ ကျန်းမာရေးအသိအမှတ်ပြုထောက်ခံချက် ရရှိထားပါတယ်။

မေး။   ။ မုန့်တိုက်အနေနဲ့ နေ့စဉ်ထွက်ရှိတဲ့ ပေါင်မုန့်၊ ကိတ်မုန့်ထုတ်လုပ်မှုပုံစံအဆင့်ဆင့် ပြည်သူတွေသိရှိစေဖို့ မျှဝေပေးစေချင်ပါတယ်။

ဖြေ။ ။ ပေါင်မုန့်၊ ကိတ်မုန့် ထုတ်လုပ်ဖို့အတွက် ဂျူံကို အဓိကထားဆောင်ရွက်ရတာဖြစ်ပါတယ်။ အရင်ဆုံး ကိတ်မုန့်ဆောင်ရွက်တဲ့နေရာမှာ ပထမအဆင့်မှာ ဂျုံကို မွေစက်နဲ့ကြိတ်ရပါတယ်။ နောက်ပြီး ပါဝင်ပစ္စည်းတွေနဲ့ အချိုးအစားအတိုင်း ပြုလုပ်ပြီး ပုံစံခွက်ထဲထည့်၍ အသုံးပြုကာ Gas Oven ဖြင့် အပေါ်မီး၊ အောက်မီး အပူချိန်အတိုင်း အဆဖြင့် ၄၅ မိနစ်ကြာ ဆောင်ရွက်ရပါတယ်။

မေး။ ။ အခုဆိုရင်ဈေးကွက်ထဲမှာ မုန့်တိုက်လုပ်ငန်းတွေ နာမည်များစွာရပ်တည် နေကြတာတွေ့ရပါတယ်။ အဲဒီအပေါ်မှာ “စိုးအောင်အောင်” မုန့်တိုက်ဆိုင်ခွဲတွေအနေနဲ့ ထုတ်လုပ်ဖြန့်ဖြူးမှု တိုးမြှင့်ဆောင်ရွက်ဖို့ ရှိပါ သလား။ လက်လီ၊ လက်ကားရောင်းချပေးတဲ့ ပေါင်မုန့်၊ ကိတ်မုန့်ဈေးနှုန်းသိပါရစေ။

ဖြေ။ ။ လက်ရှိအနေအထား လုပ်ငန်းတိုးချဲ့ ဆောင်ရွက်ဖို့ အစီအစဉ်မရှိသေးပါဘူး။ ထုတ်လုပ်ဖြန့်ဖြူးရရှိမှုအပေါ်မှာမူတည်ပြီး တိုးချဲ့သွားဖို့ရှိပါတယ်။နို့ပေါင်မုန့်တစ်ထုပ် ၁၃၀၀ ကျပ်၊ ကိတ်မုန့်အကြီး ၂၀၀၀ ကျပ် ရောင်းချပေးပါတယ်။ ပေါင်မုန့်၊ ကိတ်မုန့်အထုပ်သေးတွေကတော့ ဈေးနှုန်းအစားစားရှိပါတယ်။

မေး။ ။ နိုင်ငံတော်က အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) တစ်ပိုင်တစ်နိုင်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေဖို့ ဆောင်ရွက်ပေးလျက်ရှိသလို မိမိဒေသခံပြည်သူတွေ လူမှုစီးပွားဘဝမြင့်မားဖို့အတွက် ဆောင်ရွက်ပေးဖို့အစီအစဉ်နဲ့ ခွန်အားဖြစ်စေမယ့် အားပေးစကား သိချင်ပါတယ်ရှင်။

ဖြေ။ ။ ကျွန်မကတော့ လူငယ်တွေအနေနဲ့ မိမိလုပ်ကိုင်ဆောင်ရွက်တဲ့ အလုပ်အပေါ်မှာ စေတနာထားလုပ်ကိုင်ဆောင်ရွက်ရင် စေတနာအကျိုး ပြန်လည်ခံစားရမှာဖြစ်ပါတယ်။ ခွန်အားဖြစ်စေမယ့် အားပေးစကားအနေနဲ့ကတော့ ဘယ်လုပ်ငန်းမှာမဆို လုပ်ကိုင်နေတဲ့ဝန်ထမ်းတွေအားလုံး ကြိုးစားအားထုတ်လုပ်ကိုင်ရင် အလုပ်လက်မဲ့သူ မရှိနိုင်ပါဘူး၊ မိသားစုဝင်ငွေ တစ်ဖက်တစ်လမ်းက ကူညီနိုင်မှာဖြစ်ပါတယ်။ စားဝတ်နေရေးအဆင်ပြေလာရင် လူမှုစီးပွားဘဝ လှပသာယာလာမှာ ဖြစ်ပါတယ်ရှင်။

နိုင်ငံတော်မှ ပြည်သူလူထု၏ အလုပ်အကိုင်အခွင့်အလမ်းများ၊ လူမှုစီးပွားဘဝမြှင့်တင်နိုင်ရန် စီးပွားရေးကဏ္ဍဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးခြင်းသည် တစ်ဦးချင်း ဝင်ငွေ မြင့်မားတိုးတက်အောင် အဘက်ဘက်မှ ဆောင်ရွက်ပေးသကဲ့သို့ ကရင်ပြည်နယ် မြဝတီ ခရိုင်အတွင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ မှတ်ပုံတင်ပြီး အငယ်စားစီးပွားရေးလုပ်ငန်း ၁၂၉ ခုနှင့် အလတ်စားစီးပွားရေးလုပ်ငန်း ၁၆ ခု စုစု ပေါင်း ၁၄၅ ခုရှိကြောင်း ခရိုင်စက်မှုကြီးကြပ်ရေးဦစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးဝင်းထွန်းထံမှ သိရသည်။ ။

တွေ့ဆုံမေးမြန်း - ရွှေမြဝတီ

ဓာတ်ပုံ - သီရိချော