Skip to main content

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အစည်းအဝေးကျင်းပ

ရန်ကုန် ဩဂုတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁၄/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀  နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပခဲ့သည်။ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကော်မတီဝင်များ၊ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များမှ Video Conferencing စနစ်ကို အသုံး ပြု၍ ပါဝင် ဆွေးနွေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင်ဂျပန်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၅)ခု၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု (၁)ခုတို့ကို အတည်ပြုပေးခဲ့ပြီး လုပ်ငန်းများမှာ CMP စနစ်ဖြင့် အိတ်၊အဝတ် အစားအမျိုးမျိုး၊ Artificial  Jewelry ၊ Modern Furniture ထုတ်လုပ်ခြင်းလုပ်ငန်းများနှင့် ဆန်ကြိတ်ခွဲ ထုတ်လုပ်ခြင်း လုပ်ငန်း၊ နှမ်းဆီမွှေး၊ နှမ်းဆီနှင့် နှမ်းကွတ်ကီး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း တို့ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ၁၀.၆၅၂ သန်းနှင့် မြန်မာကျပ်ငွေ ၆၀၀၀.၀၀ သန်း ဖြစ်ပြီး လုပ်ငန်းစုစုပေါင်း (၆)ခုတို့မှ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၁၈၂၈ ဦး ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)