ဘားအံ သြဂုတ် ၂၇
သံလွင်မြစ်ရေမြှင့်တက်လာမှုကြောင့် ဘားအံမြို့ မြေပိုင်းရပ်ကွက်အချို့ရှိ လူနေအိမ်များတွင် မြစ်ရေဝင်ရောက်ပြီး ဆက်လက်နေထိုင်၍မရတော့သည့်အတွက် ရေဘေးကယ်ဆယ်ရေးစခန်း (၆) ခုဖွင့်လှစ်၍ ပြောင်းရွှေ့နေထိုင်စေခဲ့ရာ ယနေ့နံနက်ပိုင်းက ဘားအံမြို့အမှတ် (၅) ရပ်ကွက် Cyclone Shelter ရှိ ရေဘေးရှောင် အိမ်ထောင်စုများအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့်တာဝန်ရှိသူများက အာဟာရဖြည့်စွက်နံနက်စာကြာဇံဟင်းခါး သွားရောက်ကျွေးမွေးခဲ့သည်။
သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် သြဂုတ်လ ၂၄ ရက်နေ့မှစတင်ကာ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများကိုဖွင့်လှစ်ပေးခဲ့ရာ ရွှေယဉ်မျော်၊ မိုးလုံလေလုံအားကစားရုံ၊ Cyclone Shelter၊ လေသာဘုန်းတော်ကြီးကျောင်း၊ အမှတ် (၃) မူလတန်းလွန်ကျောင်းနှင့် အမှတ် (၈) မူလတန်းကျောင်း စသည်ဖြင့် နေရာ (၆) ခုတွင် စုစုပေါင်းအိမ်ထောင်စု ၃၂၁ စု၊ လူဦးရေ ၁၅၂၅ ဦးကျော်ကို ပြောင်းရွှေ့နေရာချထားပေးခဲ့ရပြီး ယနေ့နံနက်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ရေဘေးစခန်းများတွင် အာဟာရဖြည့်စွက်စာ ကြာဇံဟင်းခါးများကို သွားရောက် ကျွေးမွေးခဲ့ကြသည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာအသီးသီးနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ စေတနာရှင်များက ရေဘေးရှောင်ပြည်သူများ ကိုဗစ် ၁၉ ကာလ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ညွှန်ကြားချက်များနှင့်အညီ နေထိုင်နိုင်ရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး အစရှိသည့်ကိစ္စရပ်များကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)