နေပြည်တော် ဩဂုတ် ၂၆
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထောင်စုသဘောတူ စာချုပ်အစိတ် အပိုင်း(၃) နှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက လွှတ်တော်သို့ ရှင်းလင်း တင်ပြရာတွင် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် အဆိုပါ သဘောတူ စာချုပ်ကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ပါကြောင်း၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်အရ ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ကို နိုင်ငံတော် သမ္မတရုံး၏ အမိန့်ကြော်ငြာစာ အမှတ် (၄၈/ ၂၀၁၆) ဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ အစိုးရ၊လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့၊ နိုင်ငံရေးပါတီများ အစုအဖွဲ့စသည်ဖြင့် အစုအဖွဲ့ သုံးဖွဲ့၊ အဖွဲ့ဝင် ၄၈ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း။
(၁၉)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၇ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် ဆွေးနွေးရရှိလာသည့် သဘောတူညီချက် များကို ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် အပိုင်း(၃)ပိုင်းပါဝင်သော အဆိုပြုချက် များကို တင်သွင်းခဲ့ပါကြောင်း၊ ယင်းတို့မှာ အပိုင်း (၁)တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) အကောင် အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက် ၁၅ ချက်၊ အပိုင်း(၂) ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှု များဇယား(၁)၊ အပိုင်း(၃) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူသဘော တူညီချက် ငါးချက်တို့ဖြစ်ပါကြောင်း။
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီက တင်သွင်းသော အထက်ပါအဆိုပြုချက်များအား ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၁ ရက်တွင် ကျင်းပ သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ စတုတ္ထ အစည်းအဝေး တတိယနေ့တွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)အဖြစ် ညီလာခံက အတည်ပြု ခဲ့ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်အပိုဒ်(၂၀) အပိုဒ်ခွဲ(င)အရ အစုအဖွဲ့အ သီးသီး၏ ခေါင်းဆောင်များနှင့် အသိသက်သေများက လက်မှတ်ရေးထိုး ခဲ့ကြပါကြောင်း။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အပိုဒ်(၂၀) အပိုဒ်ခွဲ (စ) တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက် ရယူခြင်းဟူ၍ လည်းကောင်း၊ နိုင်ငံရေးဆွေး နွေးမှုဆိုင်ရာ မူဘောင်အခန်း (၈) အပိုဒ်(၂၈)တွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများကို လည်းကောင်း၊ ပြည်ထောင်စုသဘောတူစာချုပ်တစ်ရပ်လုံးကို လည်းကောင်း အနီးဆုံးကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ လုပ်ထုံးလုပ်နည်းများနှင့် အညီ တင်သွင်း၍ အတည်ပြုချက်ရယူရမည်ဟူ၍ လည်းကောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ လုပ်ငန်းလမ်းညွှန် အပိုဒ် (၃) အပိုဒ်ခွဲ(ဌ)တွင် UPDJC သည် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း များကိုလ ည်းကောင်း၊ ပြည်ထောင်စု သဘောတူစာချုပ် တစ်ရပ်လုံးကို လည်းကောင်း အနီးဆုံး ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်သို့ လုပ်ထုံး လုပ်နည်းများနှင့်အညီ တင်သွင်း၍ အတည်ပြုချက်ရယူနိုင်ရေးအတွက် ဆောင်ရွက်ရမည်ဟူ၍ လည်းကောင်း ဖော်ပြပါရှိပါသဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် အတည်ပြု လက်မှတ် ရေးထိုးခဲ့သော ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၃)ကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက်ရယူခြင်းဖြစ်ပါကြောင်း။
သို့ပါ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၃) ကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု လွှတ်တော် နာယက က ပြည်ထောင်စုသဘာတူ စာချုပ် အစိတ်အပိုင်း (၃)ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ပြုမှတ်တမ်း တင်ကြောင်း ကြေညာ သည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဘင်းမ်စတက်ပဋိညာဉ် စာတမ်းတွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ က ဆွေးနွေးကြသည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်က ယခု စာတမ်းတွင် အဖွဲ့၏ ဆုံးဖြတ် ချက်များကို အဖွဲ့ဝင်နိုင်ငံအားလုံး သဘောတူညီမှု ရရှိမှသာ ချမှတ်နိုင်ခြင်း၊ အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေး ကိစ္စများအပေါ်တွင် ဝင်ရောက်စွက်ဖက်မှုကို တားမြစ်ခြင်းစသည့် အရေးကြီးသည့်မူများကို ထည့်သွင်း ထားပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူများနှင့် ကိုက်ညီ သည့်အတွက် ထောက်ခံပါကြောင်း၊ လွှတ်တော်များ၏ သက်ဆိုင်ရာ ကော်မတီ များတွင်လည်း ယခုပဋိညာဉ်စာတမ်းပါကိစ္စရပ်များနှင့်ပတ်သက်၍ လိုအပ် သည့် ဥပဒေပြုမှုနှင့် အခြားပူးပေါင်းဆောင်ရွက်မှုများကိုလည်း အစီအစဉ်များ ချမှတ်ပြီး ဆောင်ရွက် နိုင်ရန် အကြံပြုအပ်ပါကြောင်း ဆွေးနွေးသည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ နော်လှလှစိုးက ဘင်းမ် စတက် ပဋိညာဉ်စာတမ်းကို လက်မှတ်ရေးထိုးခြင်းအားဖြင့် အဖွဲ့ဝင်များအကြား ဆက်စပ်နေသည့် ပထဝီအနေအထား၊ ပေါများသည့် သယံဇာတနှင့် လူ့စွမ်းအား အရင်းအမြစ်များ၊ သမိုင်းကြောင်းဆက်သွယ်မှုနှင့် ကြွယ်ဝသည့် ယဉ်ကျေးမှု အမွေအနှစ်များသည် ဒေသတွင်း အဓိကကျသည့် ပူးပေါင်းဆောင်ရွက်မှုကြောင့် အလားအလာကောင်းများ ရှိလာမည် ဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံတကာ အကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး ဆိုင်ရာကဏ္ဍ၊ သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတု ပြောင်းလဲမှု၊ ကူးစက်ရောဂါတိုက်ဖျက် ရေးတို့ကိုလည်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေး သည်။
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာသန်းဝင်းက ဘင်းမ်စတက် အစီအစဉ်တွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ သယ်ယူပို့ဆောင် ရေးနှင့် ဆက်သွယ်ရေး၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်း၊ နည်းပညာ၊ ငါးလုပ်ငန်း၊ စိုက်ပျိုးရေး၊ ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်နှင့် ဘေးအန္တရာယ်၊ ပြည်သူ့ကျန်းမာရေး၊ လူအချင်းချင်း ဆက်ဆံရေး၊ ဆင်းရဲမှုပပျောက်ရေး၊ အကြမ်းဖက်မှုနှင့် နယ်စည်း ဖြတ်ကျော် ရာဇဝတ်မှု၊ ရာသီဥတုပြောင်းလဲမှုကိစ္စရပ်များ ပါဝင်ပါကြောင်း၊ ဘင်းမ်စတက် အစီအစဉ်အတွင်း ပူးပေါင်း ဆောင်ရွက်မှုများသည် နိုင်ငံအသီးသီး ၏ အချုပ်အခြာအာဏာ၊ နယ်နိမိတ်ပိုင်းခြားမှု၊ ပြည်တွင်း ရေးတွင် မစွက်ဖက်မှု၊ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်မှုနှင့် အပြန်အလှန်အကျိုးပြုမှု အခြေခံများ အပေါ်တွင် ရေးဆွဲ ထားခြင်းဖြစ်ပါကြောင်း၊ ယင်းအကြောင်းအချက်များအရ မြန်မာနိုင်ငံ အနေဖြင့် ပါဝင်လက်မှတ် ရေး ထိုးရေး ကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ဆက်လက်၍ အလုံမဲဆန္ဒနယ်မှ ဦးရဲလွင်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) မှ ဦးမောင်မောင်အုန်းနှင့် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇)မှ ဦးကျော်တုတ်တို့က ဆက်လက် ဆွေးနွေးကြသည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်က ပြန်လည်ရှင်းလင်းဆွေးနွေး ရာတွင် ယနေ့ အဆိုပြုတင်ပြသည့် ဘင်းမ်စတက် ပဋိညာဉ်စာတမ်းတွင် မြန်မာ နိုင်ငံက ပါဝင်လက်မှတ် ရေးထိုးရေးကိစ္စကို ပြည်ထောင်စု လွှတ်တော်မှ သဘော တူညီမည်ဆိုပါက မြန်မာနိုင်ငံအနေဖြင့် လက်မှတ်ရေး ထိုးရန် အဆင်သင့်ဖြစ်ကြောင်း ဘင်းမ်စတက် အတွင်းရေးမှူးချုပ်ရုံးသို့ အကြောင်းကြားစာ ပေးပို့ သွားရမည်ဖြစ်ပါကြောင်း။
လက်ရှိအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် သီရိလင်္ကာနိုင်ငံမှ ခေါ်ယူကျင်းပမည့် ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးတွင် အခြားအဖွဲ့ဝင် နိုင်ငံများနည်းတူ ပါဝင်လက်မှတ်ရေး ထိုးရမည်ဖြစ်ပါကြောင်း၊ လက်မှတ်ရေးထိုး ပြီးသည့်အခါတွင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပဋိညာဉ် စာတမ်းကို အပြီးသတ် အတည်ပြုခြင်း ပြုလုပ်ရန်အတွက် ပြည်တွင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီး ဘင်းမ်စတက်အတွင်းရေးမှူးချုပ်ရုံးသို့ အပြီးသတ် အတည်ပြုလွာ ပေးပို့သွား ကြရမည်ဖြစ်ပါကြောင်း၊ ဘင်းမ်စတက်အတွင်းရေးမှူး ချုပ်ရုံးတွင် အဖွဲ့ဝင်နိုင်ငံ အားလုံး၏ အပြီးသတ် အတည်ပြုလွှာ(၇)စောင် စုံညီစွာ လက်ခံရရှိ သည့်နေ့ မှ ရက်ပေါင်း ၃၀ ပြည့်မြောက်သည့်နေ့တွင် ပဋိညာဉ်စာတမ်းသည် အသက်ဝင်လာ မည်ဖြစ်ပါ ကြောင်း။
ဘင်းမ်စတက် ပဋိညာဉ်စာတမ်းတွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ် ရေးထိုးအတည်ပြုခြင်း အားဖြင့် ဘင်းမ်စတက်၏ ရည်ရွယ်ချက်နှင့် မူဝါဒများ၊ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ဖွဲ့စည်းမှု ပုံစံများ၊ အဖွဲ့ဝင်နိုင်ငံများ လိုက်နာရမည့် ကျင့်ဝတ်များနှင့် တာဝန်ဝတ္တရားများကို စည်းကမ်း၊ ဥပဒေနှင့်အညီ ပိုမို စနစ်တကျ ခိုင်မာစွာ ကျင့်သုံးသွားနိုင်မည်ဖြစ်သောကြောင့် ဘင်းမ်စတက်၏ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များအတွက်လည်း ပိုမိုအကျိုးရှိစေမည်ဖြစ် ပါကြောင်း၊ ထို့ပြင် ယင်းအဖွဲ့အစည်းသည် ဥပဒေကြောင်းအရ ဥပဒေဂုဏ် ရှိသည့် အဖွဲ့အစည်းတစ်ရပ်အဖြစ်လည်း ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဘင်းမ်စတက်ပဋိညာဉ် စာတမ်းအား မြန်မာနိုင်ငံက လက်မှတ် ရေးထိုးအတည်ပြုရေးအတွက် ပြည်ထောင်စုလွှတ်တော်မှ သဘောတူ အတည်ပြု ပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ဘင်းမ်စတက် ပဋိညာဉ် စာတမ်း တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး အတည်ပြု
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ဘင်းမ်စတက်ပဋိညာဉ် စာတမ်းတွင် မြန်မာနိုင်ငံက ပါဝင် လက်မှတ်ရေးထိုးနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူ မရှိသည့် အတွက် အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နှင့် ပုဂ္ဂိုလ် ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော် ဥပဒေ ကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက တစ်ပိုဒ် ချင်းစီအလိုက် အဆိုပြုတင်ပြ၍ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က လွှတ်တော်၏ သဘောထား ရယူအတည်ပြုသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ယင်းဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က အတည်ပြု ခဲ့သည့် အပိုဒ်၊ အပိုဒ်ခွဲများကို လွှတ်တော်နှစ်ရပ် အတည်ပြုချက်အတိုင်း လည်းကောင်း၊ လွှတ်တော်နှစ်ရပ် သဘောကွဲ လွဲသည့် အပိုဒ်၊ အပိုဒ်ခွဲများကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်များအတိုင်း လည်းကောင်း ပြန်လည် ပြင်ဆင်၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်း ဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ထို့နောက် ၂၀၂၀ - ၂၀၂၁ ခု ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေ ကြမ်း၏ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြု တင်ပြ၍ ပြည်ထောင်စုလွှတ်တော် နာယက က သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၏ သဘောထားမေးမြန်းပြီး လွှတ်တော် ၏ အဆုံးအဖြတ် ရယူအတည်ပြု သည်။
ယင်းနောက် ၂၀၂၀ - ၂၀၂၁ ခု ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်း၏ ဥပဒေအကြောင်းအရာများနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြ၍ ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။
ထို့နောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဆိုပါ ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန် အဆို တင်သွင်းသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါဥပဒေကြမ်း နှင့်စပ်လျဉ်း၍ လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း ဥပဒေကြမ်းတစ်ရပ်လုံး ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောတူသည့်အတွက် အတည်ပြုကြောင်း ကြေညာ သည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စု လွှတ်တော်က အတည်ပြု သည်ဟု မှတ်ယူရမည့် ၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်းတင် ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်း အဝေး ၁၄ ရက်မြောက်နေ့ကို ဩဂုတ် ၂၈ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်(သတင်းစဉ်)