ရန်ကုန် နိုဝင်ဘာ ၁၄
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ဓမ္မသဘင်ကျင်းပရေးကော်မတီ (ရန်ကုန်)က ပိဋကသုံးပုံ အဋ္ဌကထာ ၅၁ အုပ်၊ ဓမ္မာစရိယနှင့် ပထမပြန် ပြဋ္ဌာန်းကျမ်းစာအုပ်များ ပုံနှိပ်ရန်အတွက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အဘိဓမ္မရတနာဃရ အဘိဓမ္မာဗိမာန်တော်ကြီး၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ အမြဲတမ်းအတွင်းဝန်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဓမ္မသဘင်ကျင်းပရေး ကော်မတီ (ရန်ကုန်)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အလှူတော်ငွေလှူဒါန်းပွဲတွင် ပါဠိပထမပြန် စာမေးပွဲအောင် သံဃာများအား စာအောင်ဆုဆိုင်ရာ ကျမ်းစာအုပ်များဖြစ်သော ပါရာဇိကအဋ္ဌကထာ (ပထမတွဲ)၊ ပါရာဇိကအဋ္ဌကထာ(ဒုတိယတွဲ)၊ သီလက္ခန္ဓ ဝဂ္ဂအဋ္ဌကထာ၊ အဋ္ဌသာလိနီအဋ္ဌကထာ၊ အဘိဓာန်အလင်္ကာဆန်းကျမ်း၊ ပဋ္ဌာန်းအရကောက်ကျမ်း၊ ယမိုက်အရကောက်ကျမ်း၊ ဒုကမာတိကာအရကောက်ကျမ်း စသည့်ကျမ်းစာအုပ်ရှစ်မျိုး ပုံနှိပ်ထုတ်ဝေရေးအတွက် ဓမ္မသဘင်ကျင်းပရေးကော်မတီ(ရန်ကုန်) နာယကများနှင့် ဥက္ကဋ္ဌတို့က လှူဒါန်းငွေကျပ် ၁၈၀၀၀၀၆၈၀၊ ပထမကြီး၊ ပထမလတ်၊ ပထမငယ်တန်းများ၏ ပြဋ္ဌာန်းကျမ်းစာ ဇာတ်အဋ္ဌကထာ အုပ်ရေ ၁၅၀၀၀ ပုံနှိပ်ထုတ်ဝေရေးအတွက် ဓမ္မသဘင်ကျင်းပရေးကော်မတီ(ရန်ကုန်) ဒုတိယဥက္ကဋ္ဌများက လှူဒါန်းငွေကျပ် ၃၅၁၁၀၆၀၅၊ ပိဋကသုံးပုံ အဋ္ဌကထာ ၅၁ အုပ် ပုံနှိပ်ထုတ်ဝေရေးအတွက် ဓမ္မသဘင်ကျင်းပရေး ဆပ်ကော်မတီ (ရန်ကုန်) ဥက္ကဋ္ဌများက လှူဒါန်းငွေကျပ် ၅၀၀၀၀၀၀၀၊ အခြေပြုမူလတန်း သင်ရိုးကျမ်းစာအုပ်များ ပုံနှိပ်ထုတ်ဝေရေးအတွက် ဓမ္မသဘင်ကျင်းပရေးကော်မတီ(ရန်ကုန်) အတွင်းရေးမှူးအဖွဲ့က လှူဒါန်းငွေ ၈၁၈၈၈၇၁၅ ကျပ်၊ ဥပ္ပါတသန္တိဝတ်ရွတ်စဉ်စာအုပ်များ လှူဒါန်းရန်အတွက် ဓမ္မသဘင်ကျင်းပရေးကော်မတီ(ရန်ကုန်) ကော်မတီဝင်များက လှူဒါန်းငွေကျပ် ၁၀၀၀၀၀၀၀ စုစုပေါင်း လှူဒါန်းငွေ ၃၅၇၀၀၀၀၀၁ ကျပ်တို့ကို ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသော အလှူရှင်လေးဦးတို့က အဋ္ဌကထာ ကျမ်းစာအုပ်များအတွက် လှူဒါန်းငွေကျပ် ၁၇၁၃၆၀၀၀ တို့ကို ထပ်မံလှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး လှူဒါန်းမှုနှင့်ပတ်သက်၍ ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်