နေပြည်တော် ဩဂုတ် ၂၆
မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချောမွေ့သော ကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းအဖွဲ့၏ ပထမအကြိမ်အစည်းအဝေးကို ဩဂုတ်(၂၅)ရက်တွင် မြန်မာနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်နှင့်အဖွဲ့ တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(MOFCOM)၊ အာရှရေးရာဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့တို့ က Video Conferencing စနစ်ဖြင့် ကျင်းပခဲ့သည်။
အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း နှင့်ဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် ရန်ကုန်မြို့ရှိ တရုတ်နိုင်ငံ သံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shufu နှင့်ကိုယ်စားလှယ် (၃)ဦးတို့သည် နေပြည်တော်မှ လည်းကောင်း၊တရုတ်နိုင်ငံဘက်မှ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOFCOM)၊ အာရှရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Yang Weiqun နှင့်ကိုယ်စားလှယ်(၁၂) ဦးတို့သည် ပေကျင်းမြို့ မှလည်းကောင်း Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် နယ်စပ်ဒေသ၌ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံအဆောက်အဦများ အဆင့်မြှင့် တင်ရေး၊ နယ်စပ်ကုန်သွယ်မှုအများဆုံး ဆောင်ရွက်လျက်ရှိသည့် မူဆယ်-ရွှေလီဒေသ၌ ယာဉ်ကြောကြပ်တည်းမှု အား နှစ်ဘက် အတူတကွ ပူးပေါင်းဖြေရှင်း ဆောင်ရွက်ရေး၊ နယ်စပ်ဒေသမှ ဆန်၊ ပြောင်း၊ သစ်သီးဝလံများနှင့် ရေထွက်ကုန်များ ပိုမိုလျင် မြန်စွာ တင်ပို့နိုင်ရေးအတွက် အဓိကတာဝန်ယူဆောင်ရွက်နေသည့် ယူနန်ပြည်နယ်နှင့် အနီးကပ်ညှိနှိုင်း ဆောင်ရွက်ရေး၊ ဘိန်း အစားထိုးသီးနှံနှင့်ပတ်သက်၍ နှစ်နိုင်ငံအကြားပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများအတွက် ငါးနှစ်ဖွံ့ဖြိုးမှုစီမံကိန်း( Five-Year Development Program for Economic and Trade Cooperation) အား နှစ်ဘက်သက်ဆိုင်ရာဌာနများမှ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် ရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသတွင်းကုန်သွယ်မှုအတွက် ထောက်ပံ့ပို့ဆောင်မှုဆိုင်ရာ ကိစ္စရပ်များ ကိုဆွေးနွေးခဲ့ကြသည်။
ထို့အပြင် မြန်မာနိုင်ငံမှထွက်ရှိသည့် လယ်ယာထွက်ကုန်ပစ္စည်းများ၊ သစ်သီးဝလံများနှင့် ရေထွက် ကုန်ပစ္စည်းများ လွယ်ကူစွာတင်ပို့နိုင်ရန်အတွက် နှစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိ သည့် ရောဂါ ပိုးမွှားကင်းစင်ရေးဆိုင်ရာ သဘော တူစာချုပ်များ အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ရေး၊ မြန်မာနိုင်ငံ မှတင်ပို့လိုသည့်ကုန်စည်အမယ်အသစ်များအား ဦးစားပေး အမယ်အလိုက် စာရင်းပြုစု၍ တရုတ်နိုင်ငံ၊ GACC သို့ပေးပို့သွားရန်နှင့် GACC မှ အမြန်ဆုံးဦးစားပေး ဆောင်ရွက် သွားရန် ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြားသဘောတူထားပြီးဖြစ်သည့် ဟိုဆောင်အမှတ်(၄)ဂိတ်နှင့် ကျိန်စမ်းကျော့ (မန်းမန် - နွမ်းရင်) ဂိတ်တို့အားအပြန်အလှန်ဖွင့်လှစ်နိုင်ရေး၊ နယ်စပ်ဂိတ်အခြေခံအဆောက် အဦ တည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံး ပြီးစီးရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုပိုမိုတိုးတက် စေရေး အတွက် 3rd CIIE, 17th CAEXPO အပါအဝင် ကုန်စည်ပြပွဲ များကို ပူးပေါင်းဆောင်ရွက် သွားရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်စေရေးအတွက် နှစ်ဘက်ကုန်သည်များအကြား တွေ့ဆုံ ညှိနှိုင်း ဆောင်ရွက်သွားရန်၊ ကုန်သွယ်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေးများအား အပြန်အလှန် ကျင်းပရေး၊ နှစ်နိုင်ငံ အကြား e-Commerce ဆိုင်ရာ MOU တစ်ရပ်အား မြန်မာနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ ၊ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးနိုင်ရေးနှင့် မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့အကြား ဘဏ်ငွေ ကြေး ဆိုင်ရာလုပ်ငန်းများ လွယ်ကူချော မွေ့စေရေးအတွက် သက်ဆိုင်ရာဗဟိုဘဏ်များအကြား ပိုမိုပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကိုလည်း အသေးစိတ် ဆွေးနွေးခဲ့ကြပြီး ဒုတိယအကြိမ်အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ မတ်လ အတွင်း ကျင်းပဆောင်ရွက်သွား ရန် သဘောတူညီ ခဲ့ကြသည်။
ယခုအစည်းအဝေးကျင်းပရခြင်းမှာ ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီ (၁၇) ရက်မှ (၁၈)ရက် အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖျင် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ချစ်ကြည် ရေးခရီးစဉ် လာရောက်သည့်ကာလအတွင်း ဇန်နဝါရီ(၁၈)ရက်တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOFCOM) ဝန်ကြီး Mr. Zhong Shan တို့ လက်မှတ် ရေးထိုးခဲ့ကြသော ချောမွေ့သောကုန်သွယ်မှု မြှင့်တင်ရေးလုပ်ငန်းအဖွဲ့ တည်ထောင် ခြင်း ဆိုင်ရာ နားလည်မှုစာချွန်လွှာ အရဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)