ဖြိုးလေး၊ ငုရွှေဝါ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် (၉) ရပ်၏ စီးပွားရေးဦးတည်ချက်တွင် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သောစိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုး တက်အောင်တည်ဆောက်ရေး” ဟူသည့်အချက် ပါဝင်ပါသည်။ နိုင်ငံတော်အနေဖြင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက် ရန်အတွက် အသေးစား ၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)လုပ်ငန်းများ၏ ကုန်ထုတ်လုပ်ခြင်းများ တိုးတက်အောင် အားပေးဆောင်ရွက်လျက် ရှိပါသည်။
ထိုသို့ အားပေးမှုကြောင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အခြေခံ၍ ကုန်ထုတ် လုပ်မှုလုပ်ငန်းများကို ဒေသအသီးသီးတွင်ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိရာ မြစ်ကြီးနားမြို့ရှိ “စူပါဝမ်း” နို့စားနွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းသည် လည်းအထိုက်အလျောက် အောင်မြင်လျက်ရှိသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ မိသားစု စားဝတ်နေရေးအတွက် တစ်ပိုင်တစ်နိုင် နွားမွေးမြူရေးအဖြစ် စတင်လုပ်ကိုင်ခဲ့ရာမှတိုးချဲ့ လုပ်ကိုင်နိုင်ခဲ့သည့် လုပ်ငန်းတစ်ခုဖြစ်သော ယင်းလုပ်ငန်းတွင် နွားနို့အစိမ်းမှတစ်ဆင့် အသင့် သောက်သုံးရန် နွားနို့၊ မလိုင်၊ နို့ချဉ်(ဒိန်ချဉ်)နှင့် ထောပတ်ပြုလုပ်ခြင်း၊ နို့ဆီချက်လုပ်ခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
စူပါဝမ်း နွားမွေးမြူခြင်းလုပ်ငန်းကို ၂၀၁၃ ခုနှစ် တွင် စတင်လုပ်ကိုင်ခဲ့ပြီး မေထုန်မဲ့သားစပ်နည်းဖြင့် ပေါက်ပွားလာသော နွားများ၊ စစ်ကိုင်းနှင့် မန္တလေး မြို့များမှ နွားမျိုးကောင်း မျိုးသန့်များ ဝယ်ယူဆောင်ရွက်ခဲ့ကြောင်း၊ မျိုးကောင်းမျိုးသန့်နွားများ တိုးပွားရေးအတွက် မေထုန်မဲ့သားစပ်ခြင်းလုပ်ငန်းကို ကချင်ပြည်နယ် မွေးမြုရေးနှင့် ကုသရေးဦး စီးဌာန၏ ကြီးကြပ်ညွှန်ကြားမှုများဖြင့် ဆောင်ရွက်လျက်ရှိ ကြောင်း လုပ်ငန်းရှင် ဦးစိုးငြိမ်းကရှင်းပြသည်။
နို့စားနွားများကို စနစ်တကျ မွေးမြူလျက်ရှိ
လက်ရှိတွင် နွားများကို တိုးချဲ့မွေးမြူလျက်ရှိပြီး နို့စားနွားမတစ်ကောင်၏ နို့ထွက်နှုန်းမှာ သုံးပိဿာ မှ ၁၃ ပိဿာအထိ ရရှိနိုင်ကြောင်း သိရသည်။ နံနက် တစ်ကြိမ်၊ ညနေတစ်ကြိမ် နွားနို့ညှစ်၍ နို့ရရှိပြီး နွားမတစ်ကောင်အနေဖြင့် သက်တမ်းပြည့် ၁၈ လ မှ သားစပ်နိုင်သည့် သုံးနှစ်တွင်နွားများပေါက်ပွားပြီးသည်နှင့် နွားနို့စတင်ထုတ်လုပ်၍ရကြောင်း သိရသည်။ မျိုးမြင့် နို့စားနွားမွေးမြူရေးလုပ်ငန်းဖြစ်၍ ရာသီဥတု၊ ရောဂါဒဏ် စသည်တို့ကို ခံနိုင်ရည်ရှိ အောင် ဆောင်ရွက်ပြီး အစာအာဟာ ရအနေဖြင့် ဖွဲနု၊ ဆန်ကွဲ၊ ပြောင်း၊ ကောက်ရိုး၊ မြက် စသည်တို့ အပြင် ပဲဖတ်၊ နှမ်းဖတ်၊ ကုလားပဲ(အဖြုန်း)တို့ကို စနစ်တကျကျွေး၍ မွေးမြူလျက်ရှိကြောင်း ပိုင်ရှင်က ဆက်လက်ရှင်းပြသည်။ ထို့အပြင် နေဗီယာမြက်၊ ပြောင်း အစရှိသည်များကို မြေတစ်ဧကတွင် စိုက်ပျိုးထားကာ ရာသီမရွေးကျွေးနိုင်အောင် အစာစိမ်းကိုထုတ်လုပ် လျက်ရှိကြောင်းလည်း သိရသည်။
စူပါဝမ်းအနေဖြင့် မြစ်ကြီးနားမြို့တွင် နို့စားနွားနှင့် အသားစားနွား စုစုပေါင်း ကောင်ရေ ၁၀၀ နီးပါး မွေးမြူနိုင်ပြီဖြစ်ကြောင်း၊ နို့စားနွားများမှ နို့ထွက်ပစ္စည်းများထုတ်လုပ်ရာတွင် မိမိခြံမှ ထွက်ရှိသော နွားနို့များကိုသာ ထုတ်လုပ်ရောင်းချကြောင်း၊ တစ်ရက်ပျမ်းမျှ နွားကောင်ရေ ၃၀ မှ နွားနို့ ပိဿာ ၁၀၀ ခန့်ရရှိပြီး ထိုနွားနို့မှတစ်ဆင့် နို့ထွက်ပစ္စည်း များကို ထုတ်လုပ်ရောင်း ချခြင်းဖြစ်ကြောင်း သိရသည်။
စူပါဝမ်း နို့စားနွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်း ရောင်းဝယ်ရေးမှ ထုတ်လုပ်သော နို့နှင့် နို့ထွက် ပစ္စည်းများမှာ နို့၊ နို့ဆီ၊ ဒိန်ချဉ်၊ နို့ခဲတို့ ဖြစ်သည်။ ဒိန်ချဉ်တစ်ဘူးလျှင် ထုတ်လုပ်မှု ကုန်ကျစရိတ် ငွေကျပ် ၈၅၀ ခန့် ကုန်ကျပြီး ပြန်လည်ရောင်းချသူ များသို့ ငွေကျပ် ၉၀၀ နှုန်းဖြင့် ရောင်းချပေးရာတစ်ဘူး လျှင် အမြတ်ငွေကျပ် ၅၀ ကျပ်ခန့်သာ ရရှိသော် လည်း မိမိခြံမှထွက်ရှိသောနို့ကို ထုတ်ကုန်အဖြစ် ပြုလုပ်ရောင်းချခြင်းဖြစ်သည့်အတွက် အမြတ် အစွန်း အနည်းငယ်သာ ရယူခြင်းဖြစ်ကြောင်းလည်း သိရသည်။
ထုတ်လုပ်မှုအနေဖြင့် တစ်ရက်လျှင် နို့ချဉ်ဘူး ၅၀၀ မှ ၁၀၀၀ ကျော် ထုတ်လုပ်နိုင်ကြောင်း၊ မိသားစု တစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်သော်လည်း ပြင်ပအလုပ်သမား ၁၀ ဦးခန့်ကို နေ့စဉ် အလုပ်ပေးနိုင်ကြောင်းသိရသည်။ အလုပ်သမားများကို တစ်လ လျှင် အနိမ့်ဆုံးလစာငွေကျပ် ၁၅၀၀၀၀ မှ အမြင့်ဆုံး ကျပ် ၃၀၀၀၀၀ အထိ ပေးလျက်ရှိသည်။ ရောင်းချရမှုအနေဖြင့် ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားမြို့ မှ အခြားမြို့များသို့ တင်ပို့ရောင်းချလျက်ရှိရာ အထူးသဖြင့် ဖားကန့်၊ တနိုင်း၊ နန့်ယား စသည့်မြို့ များမှ အများဆုံးရောင်းချရကြောင်း သိရသည်။
နိုင်ငံတော်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ များထုတ်ချေး
နိုင်ငံတော်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ များ ကချင်ပြည်နယ်အတွင်း ထုတ်ချေးပေးရာတွင် စူပါဝမ်း နို့စားနွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်း ရောင်းဝယ်ရေးအသင်း လီမီတက်အနေဖြင့် ချေးငွေကျပ်သိန်း ၅၀၀ ကို ရယူခဲ့ပြီးနောက် လုပ်ငန်း တိုးချဲ့မှုများဆောင်ရွက်ခဲ့ရာ ဒိန်ချဉ်လုပ်ငန်း လုပ်ကိုင် ရာတွင် လိုအပ်သည့် ပါဝင်ပစ္စည်းများကို ဝယ်ယူ ခြင်း၊ ထောပတ် ထုတ်လုပ်နိုင်သည့်စက်ကို ဝယ်ယူနိုင်ခြင်းနှင့် နို့စာနွားများ၏ အစာများကိုလည်း ဝယ်ယူစု ဆောင်းထားနိုင်ခြင်းတို့ကြောင့် လုပ်ငန်း အဆက်မပြတ် ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း သိရ သည်။
ထို့ပြင် ယခင်က လုပ်ငန်းလည်ပတ်နိုင်ရန် အတွက် နွားကောင်ရေလျှော့၍ ဆောင်ရွက်ရမည့် အခြေအနေမှ ယခုကဲ့သို့ နိုင်ငံတော်မှ ပံ့ပိုးပေးခဲ့သည့် အတွက် လုပ်ငန်းများ ရေရှည်လည် ပတ်နိုင်ရန် ပိုမိုအားဖြည့်ဆောင်ရွက်လာနိုင်သဖြင့် တာဝန်ရှိသူ များအား ကျေးဇူးတင်ကြောင်း လုပ်ငန်းရှင်က ပြောသည်။
အဆိုပါ နို့စားနွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းမှာ ဝါသနာကိုအခြေခံပြီး ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် အခြားနွားမွေး သူများနှင့်ပေါင်းစပ်ကာ နည်းစနစ်များ ဖြန့်ဝေခြင်း၊ ဖလှယ်ခြင်းများ ဆောင်ရွက်သွားရန် အစီအစဉ်များ ရှိကြောင်း၊ မြစ်ကြီးနားမြို့တွင် နွားမွေးမြူသူများ စုဖွဲ့ပြီး ဒေသနှင့်ကိုက်ညီသော နို့စားနွားများကို ပိုမိုမွေးမြူလုပ်ကိုင်ခြင်းဖြင့် အခြားဒေသမှဝယ်ယူရခြင်းကို လျှော့ချနိုင်မည်ဖြစ်သည့်အပြင် မိမိတို့ဒေသအတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက် အကူပြုမည်ဖြစ်ကြောင်းလည်း လုပ်ငန်း ရှင်ကရှင်းပြသည်။
လူသားတို့၏ ကျန်းမာကြံ့ခိုင်ရေး၊ ဉာဏ်ရည် မြင့်မားတိုးတက်ရေးတို့အတွက် အာဟာရတန်ဖိုး မြင့်မားသော နို့နှင့် နို့ထွက်ပစ္စည်းများကို ပိုမိုစားသုံး လာကြသဖြင့် နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်ခြင်း ကဏ္ဍသည်လည်း နိုင်ငံဖွံ့ဖြိုးရေးတွင် အရေးပါသည့် အခန်းမှ ပါဝင်လာလျက် ရှိရာ ခေတ်မီနည်းပညာများဖြင့် အရည်အသွေးကောင်းမွန်သော နို့ထွက်ပစ္စည်း များ ထုတ်လုပ်နေသည့် မြစ်ကြီးနားမြို့မှ စူပါဝမ်း နို့စားနွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်းရောင်း ဝယ်ရေး လုပ်ငန်းအကြောင်း ရေးသားတင်ပြလိုက်ရပါသည်။