Skip to main content

စစ်ကိုင်းမြို့နယ်မှ အသေးစား၊ အလတ်စား၊ အငယ်စားလုပ်ငန်းတစ်ခုဖြစ်သည့် “စိန်ကြည်” ဂျုံခေါက်ဆွဲလုပ်ငန်း

မြန်မာနိုင်ငံတွင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဟူသည့် အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်တွင်ပါဝင်သော တိုးတက် ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများ အားပေး ဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးဆိုသည့် အချက်နှင့်အညီ စစ်ကိုင်းခရိုင်အတွင်း၌ ၂၀၂၃ ခုနှစ်အထိ မှတ်ပုံတင်ထားသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ၃၅၀ ခန့်ရှိကြောင်း ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ယင်းလုပ်ငန်းများ အနက် စိန်ကြည်ဂျုံခေါက်ဆွဲလုပ်ငန်းမှာလည်း တစ်ခုအပါအဝင်ဖြစ်သည်။

စိန်ကြည်ဂျုံခေါက်ဆွဲစက်ရုံကို စစ်ကိုင်းမြို့ ပါရမီရပ်ကွက်တွင် ၁၉၉၁ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့သည်။ စစ်ကိုင်းမြို့၌ ခေါက်ဆွဲစက်လုပ်ငန်း လုပ်ကိုင်သူနည်းပါးသည့်အတွက် စတင်လုပ်ကိုင်ချိန်ကတည်းက လုပ်ငန်းအောင်မြင်ခဲ့ပြီး ဂျုံခေါက်ဆွဲငါးမျိုးကို အဓိက ထုတ်လုပ်နေကြောင်း သိရသည်။

ဂျုံခေါက်ဆွဲငါးမျိုးရောင်းချ

ဂျုံခေါက်ဆွဲပြုလုပ်ရန် အဓိကကုန်ကြမ်းဖြစ်သည့် ဂျုံကို မန္တလေးမြို့ ဒုံးပျံအမှတ်တံဆိပ်ကိုသာ အသုံးပြုပြီး FDA ခွင့်ပြုချက်ရရှိထားသည့် ဆားနှင့် ဆိုဒါများကိုသာ အသုံးပြုကြောင်း သိရသည်။ စိန်ကြည်ဂျုံခေါက်ဆွဲစက်ရုံမှ စားသုံးသူများ၏ တောင်းဆိုချက်အရ ဈေးကွက်တွင် ကြက်ဥဂျုံ ခေါက်ဆွဲ၊ နန်းလုံးခေါက်ဆွဲ၊ နန်းပြားခေါက်ဆွဲ၊ အစိမ်းနေလှန်းခြောက်၊ ပေါင်းဂျုံခေါက်ဆွဲစသည့် ဂျုံခေါက်ဆွဲငါးမျိုးကို ဦးစားပေး ထုတ်လုပ်ရောင်းချလျက်ရှိသည်။

လက်ရှိတွင် တစ်ရက်လျှင် ပိဿာ ၃၀ ဒသမ ၅ ပါ ဂျုံအိတ် ၈၀ ခန့် ဝယ်ယူအသုံးပြုနေရပြီး ကုန်ချောအဖြစ် ကုန်ချိန်ပိဿာ ၂၄၀၀ ခန့် ထွက်ရှိကြောင်း သိရသည်။ ဂျုံခေါက်ဆွဲများကို အစိမ်း နေလှန်းခြောက်နှင့် ပေါင်းခေါက်ဆွဲပုံစံနှစ်မျိုးဖြင့် ထုတ်လုပ်ပြီး အစိမ်းနေလှန်းခြောက်မှာ စက်မှ ထွက်လာသည့် ခေါက်ဆွဲအစိုကို နေရောင်ဖြင့် တိုက်ရိုက်အခြောက်ခံ ထုတ်လုပ်ခြင်းဖြစ်သည်။ ပေါင်းခေါက်ဆွဲမှာ ရေနွေးငွေ့ဖြင့် ပေါင်းပြီးထွက်ရှိလာသည့် ခေါက်ဆွဲကို ပုံစံခွက်တွင်ထည့်ပြီး နေလှန်းကွင်းတွင် အခြောက်ခံထုတ်လုပ်ခြင်းဖြစ်သည်။ ထိုသို့အခြောက်ခံရာတွင် ရာသီဥတု ကောင်းမွန်ပါက နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ နေလှန်းပြီးနောက် သိမ်းဆည်းပြီး ခြင်တွယ်ခြင်း၊ ပါကင်ထုတ် ခြင်းလုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ရခြင်း ဖြစ်သည်။ အသင့်ထုပ်ပိုးပြီးသည့် ခေါက်ဆွဲများကို အေး၍ခြောက်သွေ့သောနေရာတွင် ထားမည်ဆိုပါက တစ်နှစ်ကျော်အထိ စားသုံးနိုင်မည်ဖြစ်သည်။

ပြည့်ပကို တင်ပို့ရောင်းချနိုင်ရေး ကြိုးစားဆောင်ရွက်

ကုန်ချောဖြန့်ဖြူးရောင်းချမှုအနေဖြင့် ရန်ကုန်မြို့တွင် ကိုယ်စားလှယ်တစ်ဦးခန့်ထားပြီး အောက်မြန်မာပြည်အနှံ့ ဖြန့်ဖြူးလျက်ရှိသည်။ ထို့ပြင် မြန်မာပြည်အထက်ပိုင်း၊ အလယ်ပိုင်းနှင့် နေပြည်တော်သို့ပါ တစ်နိုင်ငံလုံးအနှံ့ ဖြန့်ဖြူးရောင်းချလျက်ရှိကာ ပြည်ပကိုလည်း တင်ပို့ရောင်းချ နိုင်ရေး ကြိုးစားဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါစက်ရုံ၌ အလုပ်သမား ၁၀၀ ကျော်ခန့်ထားပြီး ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်းပိုမိုရရှိစေရေး ဆောင်ရွက်ပေးထားကာ လုပ်ခလစာအနေဖြင့် အနိမ့်ဆုံးလစာ ကျပ် ၁၅၀၀၀ဝ နှင့် ကျွမ်းကျင်လုပ်သားတစ်ဦးလျှင် ကျပ် ၄၅၀၀၀ဝ အထိ လစာပေးခန့်ထားကြောင်း သိရသည်။

စိန်ကြည်ဂျုံခေါက်ဆွဲစက်ရုံအနေဖြင့် နိုင်ငံတော်အစိုးရ၏ ပံ့ပိုးချေးငွေဖြစ်သည့် MSME လုပ်ငန်းစု ချေးငွေ အပြည့်အဝရရှိထားပြီး ထုတ်လုပ်မှုစွမ်းအား၊ နည်းပညာစွမ်းအားများကို ကြိုးစားမြှင့်တင် ဆောင်ရွက်ပြီး ပြည်တွင်းသာမက ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်ရေးဆောင်ရွက်ကာ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် တစ်တပ်တစ်အား ကြိုးစားပါဝင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။     ။

အောင်အောင်ထွေး

ဇော်မြင့်နိုင်(ပြန်/ဆက်)