နေပြည်တော် အောက်တိုဘာ ၂၇
ဥပဒေရေးရာဝန်ကြီးဌာနသည် ဥပဒေဘာသာပြန်ကော်မရှင်က မြန်မာဘာသာသို့ ပြန်ဆိုပြီးသည့် ဥပဒေများကို စာအုပ်ထုတ်ဝေလျက်ရှိရာ ဘာသာပြန်စာအုပ် အမှတ်(၁၆)ကိုထုတ်ဝေပြီး ဖြစ်သည်။
ဥပဒေ ဘာသာပြန်အဖွဲ့ကို ဥပဒေဘာသာပြန်ကော်မရှင် ဥပဒေအရ ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ဥပဒေပညာရှင်များ၊ ဘာသာပြန်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားသည်။
ဥပဒေဘာသာပြန်ကော်မရှင်အဖွဲ့သည် အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းခဲ့သော ဥပဒေများကို မြန်မာဘာသာသို့ ပြန်ဆိုလျက်ရှိရာ သင်္ဘောကုန်တင်တန်ဆာများ အက်ဥပဒေ (The Bills of Lading Act) ၊ ခရိုင်ခိုင်ကြေးအက်ဥပဒေ (The District Cesses Act)၊ သေစေနိုင်သော မတော်တဆ ထိခိုက်မှုများအက်ဥပဒေ (The Fatal Accidents Act)၊ မြန်မာနိုင်ငံ ကူးလက်မှတ်အက်ဥပဒေ (The Myanmar Passport Act) ၊ အဆိပ်များအက်ဥပဒေ (The Poisons Act)၊ ဘာသာရေးအသင်း အဖွဲ့များအက်ဥပဒေ (The Religious Societies Act) တို့ကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပြီး အဆိုပါ မြန်မာဘာသာပြန်ဆိုထားသည့် ဥပဒေများသည် ဥပဒေဘာသာပြန်ကော်မရှင် ဥပဒေပုဒ်မ ၁၂ အရ မူလစာမူနှင့်အလားတူ အာဏာတည်ကြောင်း ဥပဒေဘာသာပြန်ကော်မရှင်၏ အမိန့်အမှတ် ၂/ ၂၀၂၅ ဖြင့် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
အဆိုပါ ဘာသာပြန်ဆိုပြီးသည့် ဥပဒေ ခြောက်ခုကို စုစည်း၍ ဥပဒေဘာသာပြန်စာအုပ် အမှတ် (၁၆)အဖြစ် ပြုစုထုတ်ဝေခြင်းဖြစ်ပြီး မြန်မာဘာသာပြန်ဆိုချက်များကို မူလစာမူနှင့် ယှဉ်တွဲဖတ်ရှု လေ့လာနိုင်ရန် မူလအင်္ဂလိပ်စာမူကိုလည်း ဤစာအုပ်တွင် ထည့်သွင်းဖော်ပြထားသည်။
ဥပဒေရေးရာဝန်ကြီးဌာနက ထုတ်ဝေသည့် ဥပဒေဘာသာပြန် စာအုပ်အမှတ်(၁၆)သည် တရားဝင်ကိုးကားသုံးစွဲနိုင်သည့် စာအုပ်တစ်အုပ်ဖြစ်သည့်အပြင် ဥပဒေပညာရှင်များ၊ ရှေ့နေရှေ့ရပ်များနှင့် ဥပဒေပညာကို လေ့လာလိုက်စား လိုသူများအတွက် အသုံးဝင်မည့်စာအုပ် ကောင်းတစ်အုပ်ဖြစ်ပြီး စာကြည့်တိုက်များတွင်ထားရှိသင့်သည့် စာအုပ်တစ်အုပ်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
