တပ်မတော်သည် လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသော အမျိုးသားတပ်မတော်ဖြစ်သည်။ နိုင်ငံလွတ်လပ်ရေးအတွက် ပြည်သူလူထုနှင့်အတူလက်တွဲပြီး အသက်သွေးချွေးများပေးဆပ်ကာ ရယူပေးခဲ့သည်။ ရရှိပြီးသော လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက်လည်း ပြည်သူလူထုနှင့်အတူ လက်တွဲပြီး ကာကွယ်စောင့်ရှောက်ပေးခဲ့သည်။ နိုင်ငံလုံခြုံရေးနှင့် ကာကွယ်ရေးကို အစဉ်အမြဲသက်စွန့်ကြိုးပမ်း စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော အစဉ်အလာရှိသည့် တပ်မတော်ဖြစ်သည်။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့သည်မှာ နှစ်ပေါင်း ၇၅ နှစ်ကျော်လွန်လာခဲ့ပြီဖြစ်သည်။ လက်နက်ကိုင်နည်းဖြင့် ဖြေရှင်းခြင်းသည် မည်သည့်အခါမျှ အောင်မြင်မှုမရနိုင်သည်ကို မြန်မာ့သမိုင်းတွင် မှတ်တမ်းတင်ထားပြီးဖြစ်သည်။ တိုင်းရင်းသားပြည်သူအချင်းချင်းသာ သေကျေပျက်စီးခြင်းဖြစ်ခဲ့ရသည်ကို စိတ်မကောင်းစွာ တွေ့မြင်ရမည်ဖြစ်သည်။ ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီသည် နိုင်ငံရေးသဘောကွဲလွဲမှုကို နိုင်ငံရေးနည်းဖြင့်မဖြေရှင်းဘဲ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့၍ ပြည်တွင်းစစ်မီး စတင်တောက်လောင်ခဲ့သည်။
တပ်မတော်သည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် အင်အားအဆမတန်များပြားသော ရောင်စုံသောင်းကျန်းသူများကို ချေမှုန်းခဲ့ရသည်။ ဧရာဝတီတိုင်းနှင့် ပဲခူးရိုးမပေါ်မှ ကွန်မြူနစ်သောင်းကျန်းသူများကို တပ်မတော်နှင့် ပြည်သူလက်တွဲပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူများသည် ကချင်၊ ကရင်၊ ရှမ်းပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ကွန်မြူနစ်များသည် အဆိုပါဒေသများရှိ ရိုးသားသည့်တိုင်းရင်းသားများကို အဓမ္မလူသစ်စုဆောင်းကြ ရုံသာမက အစိုးရဆန့်ကျင်ရေး၊ လူမျိုးစုလွတ်မြောက်ရေးစသည်ဖြင့် သွေးထိုးပေးခဲ့ကြသည်။ သို့သော် တပ်မတော်ကိုမုန်းတီး၍ ပေါ်ပေါက်သည့် လက်နက်ကိုင်အဖွဲ့အစည်းများမရှိခဲ့ပေ။ နိုင်ငံရေးအယူအဆကွဲလွဲမှုကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ လက်နက်စွဲကိုင်ရာမှ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသောအခြေအနေများကို သုံးသပ်ကြည့်လျှင် လွတ်လပ်ရေးရပြီးစ လက်နက်ကိုင်ပဋိပက္ခအခြေအနေမျိုးဖြစ်နေသည်ကို တွေ့ရသည်။ ဒီမိုကရေစီလမ်းစဉ် သွားနေပါသည်ဆိုသူများပင် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်။ ပြည်တွင်း၊ ပြည်ပအချို့ကလည်း ဒီမိုကရေစီဆန့်ကျင်ဘက် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အားပေးအားမြှောက် သွေးထိုးလှုံ့ဆော်ပေးနေသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုသို့ပြုလုပ်နေကြခြင်းသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ပျက်စီးစေပြီး မြန်မာပြည်သူလူထု၏ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ကို နှောင့်နှေးစေခြင်းဖြစ်ပြီး ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ်ကို အားပေးနေခြင်းဖြစ်သည်။
မကြာသေးမီရက်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသ၌ MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့များသည် ကိုးကန့််ဒေသအတွင်း နယ်မြေလုံခြုံရေးစခန်းများနှင့် ဌာနဆိုင်ရာရုံးဌာနများကို တိုက်ခိုက်လာမှုများအား မြင်တွေ့ကြားသိကြရမည်ဖြစ်သည်။ အလားတူ ကချင်ပြည်နယ်တွင်လည်း လမ်းပန်းဆက်သွယ်ရေး၊ နယ်မြေလုံခြုံရေးစခန်းများကို တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ တပ်မတော်အနေဖြင့် KIA အဖွဲ့အား နယ်မြေတည်ငြိမ်အေးချမ်းမှု ပျက်ပြားမှုမရှိစေရေး သတိပေးခဲ့သော်လည်း ၎င်းတို့အနေဖြင့် အင်အားအလွန်အကျွံသုံးပြီး လုံခြုံရေးစခန်းများကို တိုက်ခိုက်ခဲ့သောကြောင့် တပ်မတော်အနေဖြင့် လုံခြုံရေးအရ ပြန်လည်တုံ့ပြန်ဆောင်ရွက်ခဲ့သည်။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲက ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၃)တွင် အောက်ပါအတိုင်း အတိအလင်းပြောကြားခဲ့သည်။
“မိမိအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့၌ မိန့်ခွန်းပြောကြားရာတွင် ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို လေးစားလိုက်နာမည်ဆိုပါက ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ပြောကြားပြီးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဆွေးနွေးသည့်အချိန်တွင် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများဆောင်ရွက်နိုင်ခဲ့သော်လည်း ၎င်းတို့အနေဖြင့် တိုက်ခိုက်မှုများအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းရင်းသားအချင်းချင်း ယုံကြည်မှုထား၍ ဆောင်ရွက်ပေးခဲ့ကြောင်း၊ သို့သော် မိမိတို့အပေါ် တိုက်ခိုက်မှုများ ဆောင်ရွက်လာခြင်းကြောင့် မိမိတို့အနေဖြင့် တန်ပြန်ချေမှုန်းမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း”။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ အကျိုးစီးပွားကိုရှေးရှု၍ ငြိမ်းချမ်းရေးကို အလေးထားဆောင်ရွက်နေသော်လည်း နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် အဖြေမရှာဘဲ လက်နက်ကိုင်နည်းလမ်းဖြင့် ဆောင်ရွက်သူများကို ပြည်သူလူထုနှင့်ပူးပေါင်းလက်တွဲ၍ ထိရောက်စွာ တန်ပြန် ချေမှုန်းသွားမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ,အယ်ဒီတာ့အာဘော်