မြန်မာ့ရိုးရာယဉ်ကျေးမှု သုခုမအမွေအနှစ်များကို ဖော်ထုတ်နိုင်ရန်နှင့် လူငယ်မျိုးဆက်သစ်များ နိုင်ငံနှင့် လူမျိုး၊ အမျိုးသားယဉ်ကျေးမှု၏ ဂုဏ်သိက္ခာကို အလေးအနက်ပြု တန်ဖိုးထားထိန်းသိမ်းနိုင်ရန်အတွက် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နေပြည်တော်တွင် ကျင်းယှဉ်ပြိုင်ခဲ့ကြပြီးနောက် ယနေ့တွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဂုဏ်ယူဖွယ်ရာ ကျင်းပနေသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် ဒုတိယအကြိမ်မြောက် ကျင်းပနိုင်ခဲ့သည့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နိုင်ငံတော်အဆင့်နှင့်လျော်ညီစွာ ပြိုင်ပွဲအမျိုးအစားအလိုက် သတ်မှတ်ထားသောနေရာများတွင် ခမ်းနားထည်ဝါစွာကျင်းပခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အသီးသီးက စိတ်နှလုံးချမ်းမြေ့ပျော်ရွှင်စွာဖြင့် အားကြိုးမာန်တက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်မှာ အားတက်ဖွယ်ဖြစ်သည်။
မြန်မာလူမျိုးတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ဓလေ့ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုများအား ထုတ်ဖော်ပြသဆင်နွှဲနေကြခြင်းသည် ပြည်ထောင်စုကြီးအတွင်း အတူယှဉ်တွဲ၍ လက်တွဲညီညီပျော်ရွှင်စွာရပ်တည်နေကြသည်ဟူသော အထိမ်းအမှတ်လက္ခဏာများပင်ဖြစ်သည်။ ထိုသို့သောဂုဏ်ဒြပ်နှင့် ခံယူချက်များကို ရည်ရွယ်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နိုင်ငံတော်အစိုးရက လူအား၊ ငွေအား၊ အချိန်အားများ စိုက်ထုတ်၍ ခမ်းနားထည်ဝါစွာ ကျင်းပပေးခဲ့ခြင်းဖြစ်သည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသည် အနုသုခုမပညာဆိုင်ရာ ပြိုင်ပွဲကြီးဖြစ်သည့်အပြင် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ရင်းနှီးချစ်ကြည်မှုကို အခြေခံ၍ ဘိုးဘေးဘီဘင်များ ထားရစ်ခဲ့သည့် အမွေအနှစ်များဖြစ်သော ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို ဖော်ထုတ်သည့်ပွဲ၊ မျိုးဆက်ဟောင်း အနုသုခုမပညာရှင်ကြီးများနှင့် မျိုးဆက်သစ်အနုသုခုမပညာရှင်မောင်နှမများ ပေါင်းကူးယှက်နွှယ်သည့်ပွဲ၊ တစ်နည်းအားဖြင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ယဉ်ကျေးမှုပေါင်းစည်းသည့် ပွဲတော်ကြီးအသွင်အဖြစ် မြင်တွေ့ရမည်ဖြစ်သည်။
သာမန်အားဖြင့်ကြည့်မည်ဆိုလျှင် ဗမာလူမျိုးများ၏ အစဉ်အလာဓလေ့ ရိုးရာယဉ်ကျေးမှုအနုပညာများဟု ထင်မြင်နိုင်ဖွယ်ရှိသော်လည်း ပြိုင်ပွဲတစ်ခုလုံးကို ခြုံငုံကြည့်လျှင် တိုင်းရင်းသားလူမျိုးအားလုံး၏ ရိုးရာအစဉ်အလာယဉ်ကျေးမှုဓလေ့ အနုသုခုမပညာရပ်များကို မြင်တွေ့ရမည်ဖြစ်သည်။ အဆိုပြိုင်ပွဲများတွင်လည်းကောင်း၊ အကပြိုင်ပွဲများတွင်လည်းကောင်း၊ အရေးပြိုင်ပွဲများတွင်လည်းကောင်း၊ အတီးပြိုင်ပွဲများတွင်လည်းကောင်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသည့်တိုင်းရင်းသားအားလုံး ပါဝင်ယှဉ်ပြိုင်ကြသည်ကို တွေ့ရသည်။
အထူးအားဖြင့် ရုပ်စုံသဘင်အဖွဲ့လိုက် ဝါသနာရှင်အဆင့်ပြိုင်ပွဲများတွင် ကရင်ပြည်နယ်ကိုယ်စားပြု ရွှေဖားစည်သံရုပ်စုံသဘင်အဖွဲ့ကဲ့သို့ အခြားတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များသည်လည်းကောင်း၊ တိုင်းရင်းသားရိုးရာအက သို့မဟုတ် ကျေးလက်ရိုးရာအကပြိုင်ပွဲများတွင် ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးအသီးသီးတို့၏ အကပဒေသာများသည်လည်းကောင်း တိုင်းရင်းသားလူမျိုးအားလုံး၏ ရိုးရာဓလေ့ကို ထုတ်ဖော်ပြသည့် အမျိုးသားယဉ်ကျေးမှုများပင်ဖြစ်သည်။ ရင်သပ်ရှုမောဖွယ်၊ တက်ကြွလန်းဆန်းဖွယ်ဖြစ်သော တိုင်းရင်းသားလူမျိုးအသီးသီးတို့၏ ရိုးရာဓလေ့အမွေအနှစ်များသည် ဂုဏ်ယူဖွယ်ရာ မြန်မာအမျိုးသားယဉ်ကျေးမှုများ ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံတွင် မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်နေရန်၊ တိုင်းပြည်ချစ်စိတ်များရှိရန် အထူးလိုအပ်ပါသည်။ တိုင်းပြည်တွင် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံအမွေအနှစ်များ ထွန်းကားနေမှသာ မျိုးချစ်စိတ်ဓာတ်၊ တိုင်းပြည်ချစ်စိတ်ဓာတ်များ နိုးကြားရှင်သန်လာမည်ဖြစ်သည်။ အမျိုးသားယဉ်ကျေးမှုတွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံအစဉ်အလာများလည်း ထွန်းကားရှင်သန်နေရန်လိုအပ်ပါသည်။ ကျွန်ုပ်တို့သည် အတူတကွပေါင်းစည်းနေထိုင်သော ပြည်ထောင်စုအိမ်ကြီးဖြစ်၍ တစ်ဦး၏ဓလေ့စရိုက်ထုံးတမ်းစဉ်လာများကို တစ်ဦးက သိရှိထားရန်လိုအပ်ပါသည်။ အထူးသဖြင့် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုများကို အလျဉ်းသင့်မှ မြင်တွေ့ကြည့်ရှုခွင့်ရကြပါသည်။
ယခုမြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများမှ တိုင်းရင်းသားလူမျိုးအားလုံး၏ ထုံးတမ်းစဉ်လာယဉ်ကျေးမှုအနုသုခုမများကို မြင်တွေ့ခွင့်ရကြပါပြီ။ မြတ်နိုးတွယ်တာနှစ်လိုဖွယ်ရာကောင်းသော တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများကို တန်ဖိုးထားနိုင်ကြပြီ။ မြန်မာတို့၏လူမှုဘဝနယ်ပယ်တွင် တိမ်မြုပ်ပျောက်ကွယ်နေသော ဘိုးဘွားအမွေအနှစ် အနုသုခုမပညာရပ်များကို ပြန်လည်မြင်တွေ့ခွင့်ရပါပြီ။ ခမ်းနားထည်ဝါ သိုက်သိုက်ဝန်းဝန်း စုစုဝေးဝေးဖြင့် မြန်မာ့ယဉ်ကျေးမှု အနုသုခုမပညာရပ်များကို တစုတဝေးတည်း မြင်တွေ့ခွင့်ရခဲ့သည်မှာ ထူးကဲလှပါသည်။
အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားအောင်၊ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင်၊ တိုင်းရင်းသားယဉ်ကျေးမှု အနုပညာအမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်ခဲ့ပြီး မျိုးဆက်သစ်လူငယ်များအတွက် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှ ဆောင်ကြဉ်းပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း။ ။