နေပြည်တော် အောက်တိုဘာ ၂၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အရှေ့လယ်ကုန်းရပ်ကွက်၊ သောင်ဦးကျောင်းတိုက်၏ ဦးစီးပဓာနနာယက၊ သက်တော်ရှည်ဆရာတော်ကြီး ဘဒ္ဒန္တဥတ္တရ သက်တော် (၈၅) နှစ်၊ သိက္ခာတော် (၆၅) ဝါ၏ အန္တိမအဂ္ဂိဈာပနကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပင့်ဖိတ်ထားသည့် ပြည်နယ်သံဃနာယက အကျိုးတော်ဆောင် ဝန်းသိုကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ ကြွရောက်တော်မူကြပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားကို “သဗ္ဗေသင်္ခါရာ အနိစ္စာတိ” အစချီသော သုံးဂါထာကို ရွတ်ဖတ်၍ စတင်ခဲ့ပြီး တက်ရောက်လာကြသူများက ဝန်းသိုကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ဦးဉာဏသိန်း (မန္တလေး) က ဘဝနတ်ထံဝင်စံတော်မူသော သောင်ဦးကျောင်းဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်းအား ဖတ်ကြားလျှောက်ထားသည်။
၎င်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဈာပနကော်မတီဥက္ကဋ္ဌ ပေါ်ဦးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနာရဒက သောင်ဦးကျောင်း ဆရာတော်ကြီး၏ တပည့်ရဟန်းသာမဏေများနှင့် ဒါယကာ၊ ဒါယိကာမများအား ဆရာတော်ကြီးအပေါ်၌ အပြစ်ရှိကခွင့်လွှတ်ပါရန် တောင်းပန်လွှာကို တိုင်တည်ပေးသည်။
ဆက်လက်၍ သောင်ဦးကျောင်းတိုက်ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်ကို သံဃာတော်များ၊ တိုင်းမှူးနှင့်တာဝန်ရှိသူများ၊ ဒါယကာ၊ ဒါယိကာမများက ယာယီစံကျောင်းမဏ္ဍပ်သို့ အဆင့်ဆင့်ပင့်ဆောင်ကြသည်။ နေ့လယ်ပိုင်းတွင် ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်ကို မြစ်ကြီးနားမြို့အတွင်း ဈာပနလမ်းကြောင်းအတိုင်း လှည့်လည်ပူဇော်ခံပြီး လောင်တိုက်တော်၌ အန္တိမအဂ္ဂိဈာပနပူဇာပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
