ရန်ကုန် အောက်တိုဘာ ၂၃
ယခုနှစ် သီတင်းကျွတ်လပြည့်နေ့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်လည်ပတ်ကြမည့် ခရီးသွားဧည့်သည် များပြားနိုင်ကြောင်းနှင့် တည်းခိုခန်းနှင့် ဟိုတယ်များတွင် အခန်းပြည့်လုနီးပါး ကြိုတင်မှာယူထားကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)မှ သိရသည်။
ပုဂံဒေသသို့ သီတင်းကျွတ်လပြည့် (အဖိတ်နေ့)မတိုင်မီ ပြည်ပခရီးသွားများနှင့် မြန်မာပြည်အထက်ပိုင်း၊ အောက်ပိုင်းမှဘုရားဖူးများ တဖွဲဖွဲဝင်ရောက် လေ့ရှိသည်။ အဖိတ်နေ့၊ သီတင်းကျွတ်လပြည်နေ့နှင့် လပြည့်ကျော်(၁)ရက်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ ဘာသာရေးနေ့ထူးနေ့မြတ်ဖြစ်ပြီး အလှူအတန်းနှင့် ကုသိုလ်ကောင်းမှုပြုလုပ်မှု အထူးများပြားသောနေ့ ဖြစ်သည့်အပြင် ပုဂံရှေးဟောင်းနယ်မြေ၏ ညပိုင်း Night See အလှကို အပြည့်အဝတွေ့မြင်ခွင့်ရသည့်အတွက် ပြည်တွင်းပြည်ပခရီးသွားများ အထူးနှစ်ခြိုက်လေ့ရှိသည့် ခရီးသွားပွဲတော်ကာလ ဖြစ်သည်။
အဆိုပါ ခရီးသွားပွဲတော်ကာလ၌ ခရီးသွားဝင်ရောက်မှုများပြားသည့်အတွက် တည်းခိုခန်းနှင့် ဟိုတယ်များအခန်းပြည့်လေ့ရှိပြီး ဘုန်းတော်ကြီး ကျောင်းများနှင့် ဘုရားတန်ဆောင်းများ၊ ကျေးရွာများ၊ ပုဂံဒေသကားလမ်းတစ်လျှောက်ရှိ ယာဉ်များပေါ်၌ နားခိုလည်ပတ်ရသည်အထိ ခရီးသွားဝင်ရောက် မှု အထူးစည်ကားလေ့ရှိသည်။
“သီတင်းကျွတ်လပြည့်ကာလမှာ ပုဂံဒေသနဲ့ညောင်ဦးက ဟိုတယ်တွေမှာ အခန်းမှာယူထားမှု ပြည့်နေပြီလို့ ပြောရမှာပါ။ မနှစ်က ဟိုတယ် ၇၀ ကျော်ပဲ ဖွင့်ခဲ့ပြီး ဒီနှစ် ဟိုတယ်နဲ့တည်းခိုခန်း ၈၃ လုံးဖွင့်ထားတာ၊ အားလုံးနီးပါး အခန်းပြည့်နေပါပြီ။ ထပ်ပြီး ဖွင့်မယ့် ဟိုတယ်တွေလည်း ရှိနေပါတယ်။ မနှစ်က သီတင်းကျွတ်လပြည့်နေ့ထက် ဒီနှစ်ခရီးသွားတွေ ပိုများလာပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ ခရီးသွားမြှင့်တင်ရေးကဏ္ဍကို လုပ်ဆောင်နေတာ ရှိပါတယ်။ အဲဒီအပေါ်မှာ တတ်နိုင်သမျှ အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။ ဒီနှစ်ခရီးသွားရာသီမှာ တရုတ်၊ အိန္ဒိယက ခရီးသွားတွေလည်း ဝင်ရောက်လာမယ်လို့ မျှော်မှန်းထားပါတယ်။ မနှစ်က ပြည်ပခရီးသွားတစ်သောင်းကျော် ဝင်ရောက်ခဲ့ပြီး ဒီနှစ်ခရီးသွားတွေ ပိုမိုဝင်ရောက်လာတာကို တွေ့ရမှာပါ။ ပုဂံခရီးသွားဒေသဟာ ရှေ့ဆက်ပြီးဖွံ့ဖြိုးလာမယ်လို့လည်း ယုံကြည်ပါတယ်”ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)မှ ဦးဝင်းအောင်က ပြောသည်။
၂၀၂၂ ခုနှစ် သီတင်းကျွတ်လပြည့်နေ့တွင် ပုဂံယဉ်ကျေးမှုနယ်မြေရှိ အထင်ကရ ဘုရား/စေတီများသို့ ခရီးသွားတစ်သိန်းခွဲခန့်အထိ ဝင်ရောက်ခဲ့ပြီး ရွှေစည်းခုံ၊ ထီးလိုမင်းလို၊ အလိုတော်ပြည့်၊ အာနန္ဒာ စေတီတော်၊ စူဠာမဏိ၊ ဓမ္မရံကြီး၊ ရွှေဆံတော်၊ သဗ္ဗညု စေတီတော်၊ ကန်တော့ပလ္လင်၊ ဗူးဘုရား၊ မနူဟာစေတီတော်၊ မြစေတီ၊ လောကနန္ဒာ၊ ဓမ္မရာဇိက၊ ငှက်ပစ် တောင်၊ တူးရွင်းတောင်နှင့် တန့်ကြည်တောင်တို့တွင် နံနက်စောစောမှညပိုင်း ဆီမီးပူဇော်သည့်အချိန် အထိ ဘုရားဖူးများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။
ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး