Skip to main content

၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၁

၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများနှင့် ခန်းမ အပြင်ဘက် သတ်မှတ်နေရာများ အလိုက် ခင်းကျင်းပြသထား သည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြသည်။

ယနေ့ပြပွဲတွင် ရောင်းချမည့် ပုလဲအတွဲအမှတ် ၁ မှ အတွဲအမှတ် ၁၅၀ အထိ ပုလဲအတွဲများကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာ များကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

ထို့နောက် ပြပွဲတွင် ရောင်းချသည့် ပုလဲအတွဲပေါင်း ၃၀၀ အနက်မှ ပုလဲအတွဲအမှတ် ၁ မှ အတွဲအမှတ် ၁၅၀ အထိ တင်သွင်းထားသော ဈေးနှုန်း တင်သွင်းလွှာများအနက် တင်ဒါအမှတ် (၁) ကို မွန်းလွဲ ၁ နာရီတွင် လည်းကောင်း၊ တင်ဒါအမှတ် (၂) ကို ညနေ ၅ နာရီတွင် လည်း ကောင်း တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးပြီး ပုလဲအတွဲ ပေါင်း ၁၅၀ ရောင်းချရကြောင်း ကြေညာသည်။

ပြပွဲတတိယနေ့တွင် ပုလဲ အတွဲပေါင်း ၃၀၀ အနက်မှ ကျန်ရှိ သည့် ပုလဲအတွဲအမှတ် ၁၅၁ မှ အတွဲအမှတ် ၃၀၀ အထိကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီနာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ပြပွဲကျင်းပရာ မဏိရတနာ ကျောက်စိမ်းခန်းမသို့ ရောက်ရှိပြီး ပုလဲအတွဲများ တင်ဒါဖွင့်ဖောက် စစ်ဆေးနေမှု၊ မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ပြသ ထားသည့် ပုလဲအတွဲများ၊ ကျောက် စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများ၊ ကျောက်မျက်နှင့် လက်ဝတ် ရတနာ အရောင်းဆိုင်များ ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

ယခု ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ အောက်တို ဘာ ၂၀ ရက်မှစတင်၍ ၂၈ ရက် အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲ ၃၀၀၊ ကျောက် မျက်အတွဲ ၁၆၀၊ (A) အုပ်စုမှ ကျောက်စိမ်းအတွဲ ၅၂၀၊ (B) အုပ်စု မှ ကျောက်စိမ်းအတွဲ ၁၇၃၃ နှင့် (C)အုပ်စုမှ ကျောက်စိမ်းအတွဲ ၁၇၉၂ စုစုပေါင်း ကျောက်စိမ်း အတွဲ ၄၀၄၅ တို့ကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များကို ရောင်းချပေးသွားမည်ဖြစ်သည်။

ထို့ပြင် ယခုကျင်းပပြုလုပ် လျက်ရှိသည့် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲသို့ ပြည်ပနိုင်ငံ လေးနိုင်ငံမှ ရတနာကုန်သည်များ ပိုမိုတက်ရောက်ခဲ့ပြီး ယခင်ကျင်းပပြီး ပြပွဲများ ထက် ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များက တက်ရောက် ယှဉ်ပြိုင်ဝယ်ယူမှု များပြားသဖြင့် ပုလဲအတွဲများကို ဈေးနှုန်းပိုမိုစွာ ရောင်းချရရှိခဲ့ကြောင်း သိရသည်။  

သတင်းစဉ်