မိုးညို သြဂုတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့မှ မိုးညိုမြို့နယ်ရှိ မြောက်လုပ်ကုန်း-ကရင်ချောင် မြစ်မခမြစ်ကူးတံတား ရန်ပုံငွေ ပေးအပ်ပွဲနှင့် ဆင်မနိုင်ဇုံအတွင်း ကျေးလက်ဆေးပေးခန်း ဆောက်လုပ်မည့် ကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံပွဲကို သာယာဝတီခရိုင်၊ မိုးညို မြို့၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် သြဂုတ်လ ၂၂ ရက်၊ ညနေ(၄:၃၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။
ရန်ပုံငွေပေးအပ်ပွဲတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းက အဖွင့်အမှာစကား ပြောကြားပြီး ဝန်ကြီးချုပ်မှ မိုးညိုမြို့နယ်ရှိ မြောက်လုပ်ကုန်းအုပ်စုနှင့် ကရင်ချောင် အုပ်စုကြားတွင်ရှိသော ကိုယ်ထူကိုယ်ထဆောက်လုပ်လျက်ရှိသည့် အလျား (၇၈)ပေ၊ အနံ(၁၄)ပေ၊ အမြင့်(၁၅)ပေ၊ သံဘောင်သစ်သားခင်း မြစ်မခမြစ်ကူးတံတား ဆောက်လုပ်နေမှုအတွက် ရံပုံငွေ (၉၇)သိန်းအား ပေးအပ် ခဲ့ရာ တံတားဖြစ်မြောက်ရေး ကော်မတီဥက္ကဌမှ လက်ခံရယူခဲ့သည်။
ဆက်လက်၍ ဆင်မနိုင်ဇုံနယ်အတွင်းကျေးလက်ဆေးပေးခန်း ဆောက်လုပ်ရန်နေရာ နှင့်ပတ်သက်၍ မိုးညိုမြို့နယ် တိုင်းဒေသကြီး (၁) လွှတ်တော် ကိုယ်စားလှယ်ဦးအေးဝင်း၊ တိုင်းဒေသကြီး(၂)လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းကို၊ ဆင်မနိုင်အုပ်စု အုပ်ချုပ် ရေးမှူး ဦးအောင်ဇော်ဦး၊ ဆင်ခေါင်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ထွန်းနှင့် ဒေသခံ ပြည်သူများမှ အသီးသီး တင်ပြခဲ့ပြီး ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ ဌာနများမှပေါင်းစပ် ညှိနှိုင်းဆွေးနွေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်မှ ကျန်းမာရေးသုံးပစ္စည်းများနှင့် အားကစားပစ္စည်းများ ပေးအပ်ခဲ့ရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော် နှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးတို့က လက်ခံရယူ ခဲ့ကြောင်း သိရသည်။
ကိုမင်း(မိုးညို)