ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-
လွန်ခဲ့တဲ့ (၈) နှစ်က အခုလိုအချိန်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) မှာ ပါဝင်ကြသူများ၊ NCA စာချုပ်ကြီး လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြတဲ့ တိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်တွင်းနဲ့နိုင်ငံတကာမှ အသိသက်သေများ၊ ပြည်ထောင်စုကြီးအတွင်းမှာရှိကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်းနဲ့ တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးအကျိုးကို ဆတက်ထမ်းပိုး ထမ်းဆောင်နိုင်ကြပါစေကြောင်း ဦးစွာဆုမွန်ကောင်းတောင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
ဒီနေ့ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) စာချုပ်ချုပ်ဆိုခဲ့တဲ့ (၈) နှစ်မြောက်နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီပထမအစိုးရလက်ထက် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုဟာ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်းနဲ့ ဆက်လက်ဆွေးနွေးမှုများကရရှိလာတဲ့ ရလဒ်တွေကိုအခြေခံပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကိုတည်ဆောက်ဖို့ပဲ ဖြစ်ပါတယ်။ NCA စာချုပ် ဆွေးနွေးညှိနှိုင်းရေးဆွဲရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ လိုလားချက်တွေကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုယ်တိုင် တွေ့ဆုံဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်းတွေပြုလုပ်ပြီး နိုင်ငံတော်အဆင့် သဘောတူညီချက်စာချုပ်အဖြစ် ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံအတွက် မရှိမဖြစ်လိုအပ်တဲ့ ငြိမ်းချမ်းရေးရရှိနိုင်ဖို့ မြန်မာ့သမိုင်းစဉ်တစ်လျှောက်မှာမရှိဖူးတဲ့ လိုက်လျောမှု၊ သဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှု၊ ငြိမ်းချမ်းရေးကိုလိုလားမှုတို့အတွက် သမိုင်းမှတ်တိုင်လည်း ဖြစ်ပါတယ်။
NCA စာချုပ်ဟာ လွယ်လင့်တကူဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ဖိတ်ခေါ်တဲ့နေ့ကစပြီး NCA စာချုပ်ရရှိသည်အထိ ရက်ပေါင်း ၁,၄၅၀ ကြာမြင့်ခဲ့ပါတယ်။ အဲဒီကာလအတွင်း အစည်းအဝေးတွေ၊ တွေ့ဆုံညှိနှိုင်းမှုတွေ စုစုပေါင်းအကြိမ် ၅,၀၀၀ ကျော်အထိ ပြုလုပ်ခဲ့ရပါတယ်။ ဒီလိုကြိုးစားပြီး ဆောင်ရွက်ခဲ့တာကြောင့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှအသိသက်သေများ၊ ပြည်တွင်းအသိသက်သေများရှေ့မှောက်မှာ ခမ်းနားထည်ဝါစွာ NCA စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ ပြည်ထောင်စုလွှတ်တော်က Union Accord အဖြစ် အတည်ပြုပေးထားတဲ့ သမိုင်းဝင်စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မျှ ပျက်ပြယ်မှုမရှိဘဲ တည်တံ့နေမည့်စာချုပ်ဖြစ်တာကြောင့် တပ်မတော်အနေနဲ့ NCA စာချုပ်အပေါ်မှာသာ အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။
တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-
ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်ရေးနဲ့အတူ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပေါ်လာခဲ့တာ နှစ်ပေါင်း ၇၅ နှစ်ကျော်လွန်ခဲ့ပြီ ဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခ ဘာ့ကြောင့်ဖြစ်ပွားနေရတာလဲဆိုတာ ပြန်လည်ဆန်းစစ်ကြည့်ဖို့လည်းလိုပါတယ်။ သမိုင်းကြောင်းကိုသိမှ ပစ္စုပ္ပန်ကာလမှာ အားနည်းချက်တွေကိုသိမြင်ပြီး အနာဂတ်အတွက် အကျိုးဖြစ်ထွန်းမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အမိမြန်မာနိုင်ငံတော်ကြီးကို နယ်ချဲ့အင်္ဂလိပ်တို့ဟာ ၁၈၂၄ ခုနှစ်ကစလို့ မတရားကျူးကျော်စစ် သုံးကြိမ်ပြုခဲ့ပြီး သူ့ကျွန်ဘဝကိုသွတ်သွင်းခဲ့ပါတယ်။ မြန်မာနိုင်ငံကို အရှည်သဖြင့် ကျွန်ပြုနိုင်ဖို့အတွက် ၁၈၈၆ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ အထက်မြန်မာပြည်ဥပဒေကို စတင်ပြဋ္ဌာန်းခဲ့ပါတယ်။ ၁၈၈၈ ခုနှစ်မှာ ရှမ်းပြည်နယ်အက်ဥပဒေ၊ ၁၈၈၉ ခုနှစ်၊ စက်တင်ဘာလမှာ မြန်မာပြည်ကျေးရွာဥပဒေ၊ ၁၈၉၅ ခုနှစ်မှာ ကချင်တောင်တန်း လူမျိုးစုများစည်းမျဉ်းဥပဒေ၊ ၁၈၉၆ ခုနှစ်မှာ ချင်းတောင်တန်းစည်းမျဉ်းဥပဒေ၊ ၁၉၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှာ ရှမ်းပြည်နယ်ကိုအုပ်ချုပ်ဖို့ ပဒေသရာဇ်ကောင်စီကိုဖွဲ့စည်းပြီး ရှမ်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်းခွဲခြားခြင်းစသည်ဖြင့် တောင်ပေါ်မြေပြန့်တစ်ခုချင်းစီကို ဥပဒေတွေပြဋ္ဌာန်းပြီး နှစ်ပေါင်းတစ်ရာကျော် သွေးခွဲအုပ်ချုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် မြန်မာပြည်မကို အုပ်ချုပ်ရာမှာလည်း ကွဲပြားခြားနားမှုများပြားအောင် လုပ်ဆောင်ခဲ့ပါတယ်။ ၁၉၃၇ ခုနှစ်မှာ စတင်ကျင့်သုံးခဲ့တဲ့ “၉၁ ဌာန အုပ်ချုပ်ရေးစနစ်” မှာ ၎င်းတို့အုပ်ချုပ်ရေးကို အထောက်အကူပြုဖို့ အောက်လွှတ်တော်မှာ အမတ် ၁၃၂ ဦး ရွေးချယ်ရပါတယ်။ ဒီလိုရွေးချယ်ရာမှာ မြန်မာပြည် မြို့ကြီးများမှ ၁၃ ဦး၊ တောမြို့ -တောနယ်မှ ၇၈ ဦး၊ ကရင်တောနယ်မှ ၁၂ ဦး၊ အိန္ဒိယ ၁ ဦး၊ အင်္ဂလိပ်ကပြား ၂ ဦး၊ အိန္ဒိယကုန်သည်အသင်း ၂ ဦး၊ တရုတ်ကုန်သည်အသင်း ၁ ဦး၊ မြန်မာကုန်သည်ကြီးများအသင်း ၅ ဦးစသဖြင့် ထည့်သွင်းထားတာကိုတွေ့ရပါတယ်။ တိုင်းရင်းသားလူမျိုးများစွာ ပျံ့နှံ့စုပေါင်းနေထိုင်နေတဲ့ မြန်မာနိုင်ငံမှာ ဒီလိုရွေးချယ်မှုဟာ ဘာကိုဦးတည်စေသလဲဆိုတာ သတိပြုမိနိုင်မှာဖြစ်ပါတယ်။ အဲဒီလို နှစ်ပေါင်းရာချီပြီးသွေးခွဲခဲ့တာကြောင့် တိုင်းရင်းသားအချင်းချင်း သူစိမ်းပြင်ပြင် ဖြစ်ခဲ့ရုံသာမက ယုံကြည်မှုတွေလျော့နည်းခဲ့တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။
၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးရရှိပြီးစမှာ နိုင်ငံရေးပါတီတွေရဲ့ အာဏာလွန်ဆွဲမှုတွေဟာ ပြင်းထန်လာခဲ့တာကို တွေ့ရှိရပါတယ်။ ၁၉၄၈ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ ဗမာပြည်ကွန်မြူနစ်ပါတီဟာ နိုင်ငံရေးသဘောထားကွဲလွဲမှုကို နိုင်ငံရေးနည်းနဲ့မဖြေရှင်းဘဲ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ရာကစလို့ ပြည်တွင်းစစ်မီး စတင်တောက်လောင်ခဲ့ပါတယ်။ တပ်မတော်အနေနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ မိမိထက်အဆမတန်အင်အားများတဲ့ ရောင်စုံသောင်းကျန်းသူတွေကို တိုက်ခိုက်ခဲ့ရပါတယ်။ ဧရာဝတီတိုင်းနဲ့ ပဲခူးရိုးမပေါ်မှာရှိတဲ့ ကွန်မြူနစ်သောင်းကျန်းသူတွေကို တပ်မတော်နဲ့ပြည်သူလက်တွဲပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် သောင်းကျန်းသူတွေဟာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်ဘက်တွေကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြပါတယ်။ ကွန်မြူနစ်တွေဟာ အဲဒီဒေသမှာရှိတဲ့ ရိုးသားတဲ့တိုင်းရင်းသားတွေကို အဓမ္မလူသစ်စုဆောင်းကြရုံသာမက “အစိုးရဆန့်ကျင်ရေး” နဲ့ “လူမျိုးစုလွတ်မြောက်ရေး” စတဲ့ နိုင်ငံရေးမှိုင်းတွေနဲ့ သွေးထိုးခဲ့ကြပါတယ်။ ရိုးသားတဲ့တိုင်းရင်းသားတွေအပေါ် နယ်ချဲ့တို့ရဲ့နှစ်ပေါင်းများစွာသွေးခွဲခဲ့မှုနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ “လူမျိုးစုလွတ်မြောက်ရေး” ဆိုတဲ့ သွေးထိုးမှုတွေကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ တစ်စတစ်စပေါ်ပေါက်လာခဲ့ရတာ ဖြစ်ပါတယ်။ တပ်မတော်ကို မုန်းတီးလို့ပေါ်ပေါက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဆိုတာ ယနေ့အထိမရှိခဲ့ပါဘူး။ နိုင်ငံရေးအယူအဆကွဲလွဲမှုတွေကို နိုင်ငံရေးနည်းနဲ့မဖြေရှင်းဘဲ လက်နက်စွဲကိုင်ခဲ့ကြရာက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေရခြင်းသာ ဖြစ်ပါတယ်။ လက်ရှိကျွန်တော်တို့နိုင်ငံမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေကို သုံးသပ်ကြည့်ရင်လည်း လွတ်လပ်ရေးရပြီးကာစ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်ခဲ့တဲ့ အခြေအနေမျိုးဖြစ်နေတာကိုလည်း တွေ့ရှိရပါတယ်။ ဒီမိုကရေစီရေးကို ဆောင်ရွက်နေပါတယ်ဆိုသူတွေကိုယ်တိုင်က မဲမသမာမှုတွေဆောင်ရွက်ခဲ့ပြီး ဥပဒေနဲ့အညီ ဒီမိုကရေစီနည်းလမ်းကျဖြေရှင်းခဲ့ခြင်းမရှိဘဲ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ်ခဲ့ပါတယ်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးကာကွယ်နေပါတယ်ဆိုတဲ့ ပြည်ပနိုင်ငံအချို့ကလည်း ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဒီလက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အားပေးတာတွေ၊ မြှောက်ထိုးပင့်ကော် ပြုလုပ်နေတာကို တွေ့ရပါတယ်။ ဒါတွေဟာ မြန်မာပြည်သူလူထုရဲ့ဆန္ဒဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို နှောင့်နှေးစေတာ၊ ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ်ကို အားပေးနေတာပဲဖြစ်ပါတယ်။ ဒါတွေကို အားလုံးကသတိပြုမိစေလိုပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ကတော့ ပြည်သူ့ဆန္ဒဖြစ်တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို မလွဲမသွေ ဆက်လက်လျှောက်လှမ်းမှာပဲ ဖြစ်ပါတယ်။ ဒီလိုလျှောက်လှမ်းနိုင်ဖို့ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကျင်းပနိုင်ရေး လိုအပ်တဲ့ပြင်ဆင်မှုတွေ၊ အခင်းအကျင်းတွေကို ဆက်လက်ဆောင်ရွက်လျက် ရှိပါတယ်။ မဲဆန္ဒရှင်ပြည်သူများရဲ့ ဆန္ဒမှန်ကိုထုတ်ဖော်နိုင်တဲ့ လွတ်လပ်တရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေပြုလုပ်ပေးသွားမှာဖြစ်ကြောင်း အလေးအနက် ပြောကြားလိုပါတယ်။
တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-
လွတ်လပ်ရေးရရှိပြီးချိန်ကစလို့ နိုင်ငံတော်ဖြတ်သန်းလာခဲ့တဲ့ သမိုင်းကြောင်းကိုလည်း ပြန်လည်သုံးသပ်ကြည့်ဖို့လည်းလိုပါတယ်။ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ပါလီမန်ဒီမိုကရေစီစနစ်၊ ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ တော်လှန်ရေးကောင်စီအစိုးရလက်ထက် ဆိုရှယ်လစ်စနစ်အုတ်မြစ်ချသည့်ကာလ၊ ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဆိုရှယ်လစ်စနစ်၊ ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ပါတီစုံဒီမိုကရေစီစနစ်လျှောက်လှမ်းနိုင်ရေး အခြေခံအုတ်မြစ်ချသည့်ကာလတို့ကို ဖြတ်သန်းခဲ့ပြီး ၂၀၁၁ ခုနှစ်မှ ယနေ့အထိကာလဟာ ဒီမိုကရေစီစနစ် လျှောက်လှမ်းနေဆဲကာလပဲ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးကို ခေတ်အဆက်ဆက် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပါတယ်။ တပ်မတော်အစိုးရလက်ထက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့ရာမှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ငြိမ်းချမ်းရေးရယူနိုင်ခဲ့ရုံသာမက လက်နက်နဲ့ငြိမ်းချမ်းရေး အပြီးတိုင်လဲလှယ်ခဲ့ကြတဲ့ အဖွဲ့အစည်းတွေလည်း ရှိခဲ့ပါတယ်။ တစ်နိုင်ငံလုံးနီးပါး ငြိမ်းချမ်းရေးတည်ဆောက်နိုင်ခဲ့တဲ့အထိရှိခဲ့လို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ငြိမ်းချမ်းရေးရဲ့အရသာကို လက်တွေ့ခံစားခဲ့ကြရပါတယ်။ အဲဒီခေတ်က တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအကြား နိုင်ငံရေးအရောင်အသွေးမပါဘဲ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီး “နိုင်ငံတော်ကြီးတည်ငြိမ်အေးချမ်းရမည်” ဆိုတဲ့ တူညီတဲ့သဘောထား တစ်ထပ်တည်းရှိနေလို့ပဲ ဖြစ်ပါတယ်။ အဲဒီကာလ ငြိမ်းချမ်းရေးဆောင်ရွက်ရာမှာ NCA စာချုပ်ကဲ့သို့ခိုင်မာမှု၊ တရားဝင်မှုရှိတဲ့စာချုပ် ချုပ်ဆိုနိုင်ခြင်းမရှိဘဲ သဘောတူညီချက်များ၊ ကတိကဝတ်များနဲ့သာ ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ ယခုထိ ဒီသဘောတူညီချက်၊ ကတိကဝတ်တွေကို လိုက်နာစောင့်ထိန်းနေတဲ့ အဖွဲ့အစည်းများရှိပါတယ်။ ဒီအဖွဲ့များကိုလည်း ခိုင်မာလေးနက်တရားဝင်မှုရှိတဲ့ NCA လမ်းကြောင်းအပေါ်လျှောက်လှမ်းပြီး ထာဝရငြိမ်းချမ်းရေး တည်ဆောက်ကြဖို့ တိုက်တွန်းလိုပါတယ်။
တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-
နိုင်ငံတစ်နိုင်ငံရဲ့စနစ်တစ်ခုကို ပြောင်းလဲလျှောက်လှမ်းရာမှာ အစိုးရကပြောင်းလဲလို့မရပါဘူး။ ပြည်သူ့ဆန္ဒပါမှ ပြောင်းလဲလို့ရတာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆိုရှယ်လစ်စနစ်ကို လျှောက်လှမ်းနိုင်ဖို့အတွက် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့မှာ ပြည်လုံးကျွတ်ဆန္ဒခံယူမှု ပြုလုပ်ခဲ့ပါတယ်။ မဲဆန္ဒရှင်ပြည်သူ ၉၀ ဒသမ ၁၉ ရာခိုင်နှုန်းရဲ့ထောက်ခံမှုနဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်စနစ်ကို လျှောက်လှမ်းခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ တစ်ပါတီစနစ်မှ ပြည်သူလူထုတောင်းဆိုလာတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းဖို့အတွက် လိုအပ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းရင်းသားကိုယ်စားလှယ်ကြီးများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ စုပေါင်းညှိနှိုင်းရေးဆွဲပြီး ၂၀၀၈ ခုနှစ်၊ မေလ ၂၉ ရက်နေ့မှာ ပြည်လုံးကျွတ်ဆန္ဒခံယူခဲ့ပါတယ်။ မဲဆန္ဒရှင်ပြည်သူ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း ထောက်ခံမှုရရှိခဲ့တာကြောင့် ယနေ့ပြဋ္ဌာန်းကျင့်သုံးနေတဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
ဒီနေရာမှာ NCA စာချုပ်ရဲ့ ဖြစ်ပေါ်လာပုံနဲ့ သဘောတရား၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်ပေါ်လာပုံနဲ့ သဘောတရားတွေကို ကွဲကွဲပြားပြားသိဖို့ လိုအပ်ပါတယ်။ NCA စာချုပ်ဟာ နိုင်ငံတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ကတိကဝတ်ပြု သဘောတူညီချက်၊ သဘောတူစာချုပ်ဖြစ်ပါတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ နိုင်ငံတော်နဲ့ နိုင်ငံသူ၊ နိုင်ငံသား တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအကြား အာမခံချက်ပေးထားတဲ့ ဥပဒေဖြစ်ပါတယ်။ အဖွဲ့အစည်း နှစ်ခုအကြား သဘောတူညီချက်ကတိကဝတ်ဟာ နိုင်ငံသူ၊ နိုင်ငံသား တိုင်းရင်းသားပြည်သူလူထု အားလုံးအပေါ်မှာထားမယ့်သဘောတူညီချက်၊ အာမခံချက်ပြုထားတဲ့ဥပဒေအပေါ်မှာ လွှမ်းမိုးဖို့မသင့်ပါဘူး။ ဆိုလိုတာက NCA ကို အလေးအနက်ထားရမှာဖြစ်ပေမယ့် NCA စာချုပ်ကနေတစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဆောင်ရွက်ရာမှာ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ထင်မြင်ချက်၊ ယူဆချက်၊ လိုလားချက်တွေကို တူညီဆန္ဒများအဖြစ် စုစည်းဆွေးနွေးနေတာ ဖြစ်ပါတယ်။ ဒီအထဲက အခြေခံဥပဒေကို ပြင်ဆင်ရမယ့်အချက်များပါလာရင် နောင်ဖြစ်ပေါ်လာမယ့် လွှတ်တော်အသီးသီးကတစ်ဆင့် အဆုံးအဖြတ်ကို ခံယူဆောင်ရွက်သွားရမှာပဲ ဖြစ်ပါတယ်။
တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုရာမှာလည်း ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်ရေးရပြီးကတည်းက ဒီကနေ့အထိ ဖွဲ့စည်းပုံအခြေခံဥပဒေ ၃ ခု ကျင့်သုံးခဲ့တဲ့အနက် ပထမဆုံးကျင့်သုံးခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ကိုရည်ရွယ်ပြီး အငြင်းပွားဖွယ်ရာများနဲ့ အဆောတလျင် ရေးဆွဲခဲ့ရတဲ့အပြင် တိုင်းပြုပြည်ပြုလွှတ်တော်မှာသာ အတည်ပြုထားတဲ့ ဥပဒေဖြစ်ပါတယ်။ နယ်ချဲ့တွေဟာ မြန်မာနိုင်ငံကို ဥပဒေအမျိုးမျိုး၊ အုပ်ချုပ်မှုစနစ်အမျိုးမျိုးနဲ့ သွေးခွဲအုပ်ချုပ်ခဲ့တဲ့အပြင် လွတ်လပ်ရေးပေးရာမှာလည်း တောင်တန်း၊ ပြည်မ ခွဲခြားပေးဖို့ ဆောင်ရွက်ခဲ့ပါတယ်။ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း ၁၉၄၁- ၁၉၄၃ ခုနှစ် ဘီအိုင်အေ (BIA)၊ ဘီဒီအေ (BDA) ခေတ်မှာ “လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယ” ဆိုပြီး နိုင်ငံရေးရည်မှန်းချက်ထား ဆောင်ရွက်ခဲ့ပါတယ်။ လွတ်လပ်ရေးအကြိုကာလ ၁၉၄၃-၁၉၄၅ ခုနှစ် ဘီအင်န်အေ (BNA)၊ ပီဘီအက်ဖ် (PBF) ခေတ်မှာ “လွတ်လပ်ရေးသည် ပထမ၊ ဒီမိုကရေစီရေးသည် ဒုတိယ၊ ဆိုရှယ်လစ်ဝါဒရေးသည် တတိယ” ဆိုပြီး နိုင်ငံရေးရည်မှန်းချက်ထား ဆောင်ရွက်ခဲ့ပါတယ်။ သတိပြုစရာက လွတ်လပ်ရေးမရခင် အဲဒီခေတ်ကတည်းက မြန်မာနိုင်ငံဟာ ဆိုရှယ်လစ်စနစ်တည်ထောင်ရေး ရည်မှန်းချက် ရှိခဲ့တယ်ဆိုတာပဲ ဖြစ်ပါတယ်။
သို့သော် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ ဆိုရှယ်လစ်စနစ်နဲ့ပတ်သက်တဲ့ ပြဋ္ဌာန်းချက်မျိုးမတွေ့ရပါဘူး။ ဘာကြောင့်လည်းဆိုတာ သမိုင်းအထောက်အထားတွေနဲ့ ပြန်လေ့လာကြည့်မယ်ဆိုရင် ဒီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ လန်ဒန်မှာချုပ်ဆိုခဲ့တဲ့ အောင်ဆန်း-အက်တလီ စာချုပ်ကိုအခြေခံပြီး ပေါ်ပေါက်လာခဲ့တာဖြစ်ကြောင်း တွေ့ရပါတယ်။
အဲဒီအချိန်မှာ လွတ်လပ်ရေးအမြန်ဆုံးရရှိဖို့သည်သာအဓိကလို့ အဖွဲ့အစည်းအသီးသီးက ခံယူကြိုးစားနေကြချိန် ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်၊ အောက်တိုဘာလမှာကျင်းပမယ့် ဗြိတိသျှပါလီမန် အစည်းအဝေးမှာ မြန်မာနိုင်ငံလွတ်လပ်ရေးဥပဒေကြမ်း (Burma Independence Bill) ကို တင်သွင်းနိုင်မှသာ ပါလီမန်အစည်းအဝေးက အတည်ပြုတဲ့ အခွင့်အရေးရမှာလည်း ဖြစ်ပါတယ်။ ဒါမှလည်း လွတ်လပ်ရေးအမြန်ရရှိမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲရာမှာ လွတ်လပ်ရေးကြိုးပမ်းမှုမှာပါဝင်ခဲ့တဲ့ အဖွဲ့အစည်းများအနေနဲ့ ဗြိတိသျှတို့အလိုကျ ထည့်ပေးခဲ့ရတဲ့ပြဋ္ဌာန်းချက်များစွာ ပါဝင်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီကာလမှာ ဆိုရှယ်လစ်စနစ်ဆိုတဲ့ အသုံးအနှုန်းသာပါဝင်ခဲ့ရင် တိုင်းပြည်လွတ်လပ်ရေးရရှိဖို့ နှောင့်နှေးမှာလည်းဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် အဲဒီခေတ်က ဗြိတိသျှတို့ကျင့်သုံးနေတဲ့ ပါလီမန် ဒီမိုကရေစီစနစ်ကို ရွေးချယ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီအနေနဲ့ မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးကို အတုအယောင် လွတ်လပ်ရေးလို့စွပ်စွဲပြီး လွတ်လပ်ရေးရပြီး ၃ လခန့်အကြာမှာ တောခိုလက်နက်ကိုင် ဆန့်ကျင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလို နိုင်ငံရေးသဘောထားကွဲလွဲမှု၊ အယူအဆရေးရာကွဲလွဲမှုတွေကစပြီး ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ စတင်လာခဲ့ရပါတယ်။ ဒါကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ ၁၉၄၈ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့မှာ လက်ဝဲညီညွတ်ရေးကောင်စီကို ဖွဲ့စည်းလုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ မူလက လက်ဝဲညီညွတ်ရေးမူ (၁၅) ချက်ကိုထုတ်ပြန်ခဲ့ပါတယ်။ အနောက်နိုင်ငံအချို့ရဲ့ ဖိအားပေးမှုတွေကြောင့် အချို့အချက်တွေကို ဖျက်သိမ်းခဲ့ရပါတယ်။ ဒါကိုကြည့်ပါက အနောက်နိုင်ငံများရဲ့ ဝင်ရောက်စွက်ဖက်မှု ဘယ်လောက်ရှိခဲ့တယ်ဆိုတာ ထင်ရှားတဲ့သာဓကပဲဖြစ်ပါတယ်။ ဒီလိုတိုက်ရိုက်စွက်ဖက်မှု၊ သွယ်ဝိုက်စွက်ဖက်မှု၊ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် မြန်မာပြည်လွတ်လပ်ရေးရပြီးနောက် ကျင့်သုံးမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ခွဲထွက်ခွင့် စတာတွေနဲ့ပတ်သက်ရင် ပြည်ထောင်စုအတွက် အန္တရာယ်ရှိနိုင်လို့ သတိထားသင့်ကြောင်း ၁၉၄၇ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ တောင်တန်းဒေသစုံစမ်းရေးအဖွဲ့အစီရင်ခံစာမှာ စောစီးစွာထောက်ပြခဲ့တာကိုလည်း လေ့လာတွေ့ရှိရပါတယ်။
ဒီလိုနောက်ခံအကြောင်းရင်းတွေကြောင့် ပြည်ထောင်စုနိုင်ငံရဲ့အနာဂတ်ဟာ စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။ နိုင်ငံရဲ့မရေရာမသေချာတဲ့ဖြစ်ရပ်တွေကြောင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့တဲ့ ခေါင်းဆောင်များဟာ တော်လှန်ရေးကောင်စီလက်ထက်မှာ ဆိုရှယ်လစ်စနစ်ကို စတင်အုတ်မြစ်ချခဲ့ကြတာပဲ ဖြစ်တယ်။
ယနေ့ ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့နိုင်ငံရေးရည်မှန်းချက်ဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ်တည်ဆောက်ရေးပဲဖြစ်ပါတယ်။ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နဲ့ ဖက်ဒရယ်ဆိုတဲ့ ပေါင်းစည်းနေထိုင်ခြင်း၊ သဟဇာတဖြစ်ခြင်း၊ မျှဝေခံစားခြင်း၊ အုပ်ချုပ်မှုတာဝန် ခွဲဝေလုပ်ဆောင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဆိုတာ အများစုက ရွေးချယ်တဲ့ကိစ္စ၊ အများစုရဲ့ဆန္ဒကိုဥပဒေနဲ့အညီ စီမံဖော်ဆောင်ခြင်းပဲဖြစ်ပါတယ်။ အလားတူ ဒီမိုကရေစီရဲ့ကျင့်စဉ်အရ အနည်းစုရဲ့ဆန္ဒကိုလည်း လေးစားတန်ဖိုးထားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံအတွက် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ထူထောင်ဖို့၊ ဒီမိုကရေစီစနစ်မယိုင်လဲစေဖို့ လိုအပ်ချက်ကတော့ ဒီမိုကရေစီစိတ်မွေးဖို့၊ စည်းကမ်းစနစ်ကျနတဲ့၊ ဥပဒေကိုလေးစားတန်ဖိုးထားလိုက်နာတဲ့ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာစေရေးပဲဖြစ်ပါတယ်။ ဒါကိုကျွန်တော်တို့ တိုင်းရင်းသားပြည်သူလူထုအားလုံးက ဝိုင်းဝန်းဖော်ဆောင်ရမှာဖြစ်ပါတယ်။
အလားတူ တိုင်းရင်းသားပြည်သူအားလုံးလိုလားနေတဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက်ရာမှာလည်း တိုင်းရင်းသားပြည်သူလူထု၏အကျိုး၊ ပြည်ထောင်စုကြီး၏ အကျိုးကိုရေရှည်ကြည့်ပြီး မိမိနိုင်ငံနဲ့ကိုက်ညီတဲ့ဖက်ဒရယ်ပုံစံကို တည်ဆောက်သွားဖို့လိုပါတယ်။ ကျွန်တော်တို့နိုင်ငံသည် ရှေးဘုရင်များလက်ထက်ကတည်းက ပြည်ထောင်စုစနစ်ပုံစံနဲ့ တည်ဆောက်ထားတဲ့ ပြည်ထောင်စုနိုင်ငံတစ်ခု ဖြစ်ပါတယ်။ ပထမမြန်မာနိုင်ငံတော်လို့ သတ်မှတ်ခဲ့ကြတဲ့ ပုဂံခေတ်ကတည်းက တိုင်းရင်းသားပြည်သူများဖြင့် စုစည်းတည်ထောင်ထားတဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို အင်္ဂလိပ်များသိမ်းယူစဉ်က Burma ဆိုတဲ့ ပြည်ထောင်စုနိုင်ငံအဖြစ်နဲ့ သိမ်းယူခဲ့တာဖြစ်ပြီး လွတ်လပ်ရေးပေးချိန်မှာလည်း ပြည်ထောင်စုတစ်ဝန်းလုံးကို တစ်စုတစ်စည်းသောနိုင်ငံအဖြစ် လွတ်လပ်ရေးပေးခဲ့တာပဲဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံများနဲ့ နယ်နိမိတ်စာချုပ်များ ချုပ်ဆိုရာမှာလည်း လက်ရှိနယ်နိမိတ်အတိုင်း စာချုပ်ချုပ်ဆိုအသိအမှတ်ပြုခဲ့တာ၊ တိုင်းရင်းသားပြည်သူလူထုအားလုံးကလည်း အသိအမှတ်ပြုခဲ့တာဟာ ကျွန်တော်တို့နိုင်ငံသည် သမိုင်းအဆက်ဆက် ပြည်ထောင်စုနိုင်ငံအဖြစ် ရပ်တည်ခဲ့တယ်ဆိုတဲ့ ခိုင်မာတဲ့သမိုင်းပဲဖြစ်ပါတယ်။
ဒီလိုသမိုင်းစဉ်တစ်လျှောက် ရပ်တည်ခဲ့တဲ့ ပြည်ထောင်စုကို တည်ဆောက်ရာမှာ မှန်ကန်တဲ့၊ နိုင်ငံနဲ့ကိုက်ညီတဲ့ စနစ်ဖြစ်ဖို့လိုပါတယ်။ တိုင်းရင်းသားလူမျိုးစုများ များပြားလှတဲ့ ကျွန်တော်တို့နိုင်ငံအနေနဲ့ ဖက်ဒရယ်စနစ်ကိုကျင့်သုံးရာမှာ လူမျိုးကိုအခြေခံတဲ့ ဖက်ဒရယ်စနစ်ထက် နယ်မြေဒေသကိုအခြေခံတဲ့ဖက်ဒရယ်စနစ်ကို အကောင်အထည်ဖော်ဖို့ လိုပါတယ်။ ဒါမှသာ ကွန်ဖက်ဒရေးရှင်းဆိုတဲ့ ကွဲပြားခြားနားမှုကိုအားပေးတဲ့၊ ပြည်ထောင်စုပြိုကွဲခြင်းကို ဦးတည်သွားစေနိုင်မယ့်ကိစ္စတွေကို ရှောင်ရှားနိုင်မှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) မှာ တိုင်းဒေသကြီး၊ ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့အတွက် အုပ်ချုပ်ရေးအာဏာများ ခွဲဝေထားပြီးဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) နိုင်ငံတော်အခြေခံမူများ၊ အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များမှာလည်း တိုင်းရင်းသားပြည်သူတစ်ဦးချင်းစီရဲ့ အခွင့်အရေးများ၊ အာမခံချက်များကို တန်းတူညီမျှ ပေးထားပြီးဖြစ်ပါတယ်။ နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရနဲ့ ဘာသာရေးအရ သဘောထားကွဲလွဲစရာ အကြောင်းမရှိပါဘူး။ ဒါတွေကို လက်တွေ့ကျင့်သုံးခြင်း၊ လိုအပ်တာတွေကို ဥပဒေနဲ့အညီပြင်ဆင်တိုးချဲ့ခြင်းတို့ဟာ လက်တွေ့ကျတဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက်ခြင်းပဲ ဖြစ်ပါတယ်။
တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-
ဒီမိုကရေစီစနစ်ဆိုရာမှာ အမျိုးမျိုးရှိပါတယ်။ ယနေ့ကျွန်တော်တို့နိုင်ငံကျင့်သုံးနေတာက ပါတီစုံဒီမိုကရေစီဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်မှာ အထွေထွေရွေးကောက်ပွဲဟာ အရေးကြီးပါတယ်။ ပြည်သူတွေအနေနဲ့ ဖြတ်သန်းလာခဲ့တဲ့ သမိုင်းကြောင်းအရ အထွေထွေရွေးကောက်ပွဲ အတွေ့အကြုံတွေလည်းရှိကြပြီးဖြစ်ပါတယ်။ ဖဆပလခေတ်က ပါလီမန်ဒီမိုကရေစီစနစ်နဲ့ ယနေ့ခေတ် ပါတီစုံဒီမိုကရေစီစနစ်ရဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေအထိဟာ “အနိုင်ရသူ အကုန်ယူ” စနစ်ဖြစ်တာကြောင့် နိုင်ငံရေးချိန်ခွင်လျှာညီမျှမှုမရှိခဲ့ဘဲ တိုင်းရင်းသား လူမျိုးစုပါတီများအနေနဲ့ နိုင်ငံရေးမှာ ပါဝင်ခွင့် အခွင့်အရေးနည်းပါးခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုကြီး ၈ စုရှိပြီး လူမျိုးစု ၁၃၀ ကျော်ရှိပါတယ်။ အဲဒီတော့ တိုင်းရင်းသားပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံတော်ကြီးကို ခိုင်မာတဲ့ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်ကြရမှာပဲ ဖြစ်ပါတယ်။ ဖက်ဒရယ်ဟာ “ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်း” လို့လည်း အနက်အဓိပ္ပာယ်ရှိပါတယ်။ မျှဝေခံစားဖို့ဆိုရင်တော့ ရွေးကောက်ပွဲစနစ်မှာ ယခင်ကျင့်သုံးခဲ့တဲ့ အင်အားကြီးပါတီတစ်ခုတည်းက “အနိုင်ရသူ အကုန်ယူ” ဆိုတဲ့ စနစ်အစား တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်တွေ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ဖို့ “အချိုးကျကိုယ်စားပြု စနစ်” PR စနစ်ကိုကျင့်သုံးရမှာဖြစ်ပါတယ်။ ဒါကလည်း ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရဲ့ ဆန္ဒတစ်ခုတည်းမဟုတ်ပါဘူး။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အဆိုပြုချက်တွေနဲ့ ဖြစ်ပေါ်လာတဲ့ NCA စာချုပ်ထဲက ဘုံသဘောဆန္ဒလည်းဖြစ်ပါတယ်။ NCA စာချုပ်ပါ အခန်း(၁) အခြေခံမူများမှာ “ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကိုအခြေခံသော ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနဲ့အညီ တည်ဆောက်သွားရန်”၊ “နိုင်ငံသားအားလုံး တန်းတူရည်တူ အခွင့်အရေးများရရှိစေရန်” ဆိုတဲ့ အချက်ပါရှိပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် PR စနစ်ဟာ ကျွန်တော်တို့နိုင်ငံနဲ့ အသင့်လျော်ဆုံးဆိုတာ ပြောကြားလိုပါတယ်။
တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-
၂၀၁၁ ခုနှစ် ဒီမိုကရေစီပထမအစိုးရလက်ထက် ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ တာထွက်ကောင်းခဲ့ပြီး တိုင်းပြည်လည်း အထိုက်အလျှောက် တိုးတက်ခဲ့ပါတယ်။ NCA စာချုပ်ကြီး ပေါ်ပေါက်လာခဲ့ပြီး ငြိမ်းချမ်းရေးအတွက် ရလဒ်ကောင်းတွေရရှိချိန်မှာ တိုင်းပြည်သစ္စာဖောက်အချို့နဲ့ ပြည်ပနိုင်ငံအချို့က NCA မှာ လက်မှတ်မရေးထိုးဖို့ သွေးထိုးလှုံ့ဆော်ခဲ့ကြပါတယ်။ ဒါပေမဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ်လိုလားတဲ့ အဖွဲ့အစည်း ၈ ဖွဲ့ဟာ NCA စာချုပ်ကြီးမှာ အောင်မြင်စွာလက်မှတ်ရေးထိုးနိုင်ခဲ့ပြီး နောက်ထပ် ၂ ဖွဲ့ဟာလည်း ထပ်မံလက်မှတ် ရေးထိုးနိုင်ခဲ့လို့ လက်ရှိအချိန်ထိ NCA လက်မှတ်ရေးထိုးပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့ရှိပြီ ဖြစ်ပါတယ်။ NCA လက်မှတ်ရေးထိုးရခြင်းမရှိသေးတဲ့ ကျန်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း NCA လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးတည်ဆောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။ NCA စာချုပ်ကြီး ပေါ်ပေါက်လာပြီးတစ်ပြိုင်နက် တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးမူဝါဒ(၆)ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ တပ်မတော်ကထုတ်ပြန်တဲ့ ငြိမ်းချမ်းရေးမူဝါဒ(၆)ရပ်ဟာ NCA စာချုပ်ရဲ့ အနှစ်သာရအတိုင်းဖြစ်သလို ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးကြိုးပမ်းမှုသမိုင်းတွေက ရရှိလာတဲ့ “အသိတရား” ဖြစ်ပြီး လက်ရှိငြိမ်းချမ်းရေးတည်ဆောက်မှု ခိုင်မြဲစေဖို့အတွက် လုပ်ဆောင်ရမည့် “အရှိတရား” လည်း ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှစတင်ပြီး ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲပေးခဲ့ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့လည်း နိုင်ငံတော်ကိုစတင်တာဝန်ယူတဲ့အချိန်မှစပြီး ရှေ့လုပ်ငန်းစဉ်နဲ့ ဦးတည်ချက်များကို အဆင့်ဆင့်ချမှတ်ခဲ့ရာ လက်ရှိမှာလည်း ရှေ့လုပ်ငန်းစဉ် (၅) ရပ်နဲ့ ဦးတည်ချက် (၉) ရပ် ချမှတ်ထားပါတယ်။ ရှေ့လုပ်ငန်းစဉ် (၅) ရပ်မှာ “NCA ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်” ဆိုတဲ့ အချက်ပါရှိသလို ဦးတည်ချက်(၉)ရပ် မှာလည်း “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါအတိုင်း အလေးထားလုပ်ဆောင်ရေး” ဆိုတဲ့အချက်ကို ထည့်သွင်းဆောင်ရွက်နေတာ တွေ့နိုင်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့အတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနဲ့ ညှိနှိုင်းရေးကော်မတီဆိုပြီး ကော်မတီ (၃) ရပ် ဖွဲ့စည်းခဲ့ပါတယ်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီအဆင့်ဆင့်တို့ဟာ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှာ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန်၊ ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံမှု ရှိ/မရှိ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်အပေါ် လက်ခံမှု ရှိ/မရှိအပေါ်မူတည်လျက် မည်သည့်ကန့်သတ်ချက်မှမပါသော တွေ့ဆုံဆွေးနွေးပွဲကို ဖိတ်ခေါ်ခဲ့ပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ EAO အဖွဲ့ (၇) ဖွဲ့၊ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ EAO အဖွဲ့(၃)ဖွဲ့တို့မှ ကိုယ်စားလှယ်များနဲ့တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေးဖော်ဆောင်ခြင်းနဲ့အတူ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတည်ရှိရာ ဒေသအတွင်းရှိ ပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်း/တံတားတည်ဆောက်ရေးနဲ့ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာကိစ္စများကို သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ပြည်သူများကို ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ “၂ဝ၂၂ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ်” ဖြစ်ကြောင်း ကျွန်တော်ပြောကြားခဲ့ပါတယ်။ အဲဒီနောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နဲ့ ၂၀၂၂ ခုနှစ်၊ မေလမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း (၃) ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးရာမှ ဘုံသဘောတူညီချက်အဖြစ် -
(၁) ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ် ခိုင်မာစေရေးအတွက် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရေး။
(၂) တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လိုလားချက်ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး။
(၃) ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရေး။
(၄) တရားဥပဒေစိုးမိုးရေး၊ ဒေသတည်ငြိမ်ရေးနှင့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲများ လွတ်လပ်၍တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး။
ဆိုတဲ့ ဘုံသဘောတူညီချက် (၄) ချက်ရရှိခဲ့ကြပါတယ်။
ဒါ့အပြင် တွေ့ဆုံဆွေးနွေးရေးယန္တရားဖြစ်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအနေနဲ့လည်း သက်ဆိုင်ရာဆွေးနွေးဖက်အဖွဲ့အစည်းများနဲ့ အလွတ်သဘောတွေ့ဆုံမှုများ၊ Video Conferencing ဖြင့် ဆွေးနွေးမှုများနဲ့ တရားဝင်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအထိ NCA လက်မှတ်ရေးထိုးပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ (၇၃) ကြိမ်၊ လက်မှတ်ရေးထိုးထားခြင်းမပြုသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ (၂၅) ကြိမ်၊ နိုင်ငံရေးပါတီများနဲ့ (၁၆) ကြိမ်၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များနဲ့ (၇) ကြိမ်၊ စုစုပေါင်းတွေ့ဆုံဆွေးနွေးမှု (၁၂၁) ကြိမ် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်။
တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-
ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူတွေအားလုံးရဲ့ ငြိမ်းချမ်းသာယာဝပြောတဲ့ အနာဂတ်၊ ကောင်းမွန်တဲ့ပစ္စုပ္ပန်ကို တည်ဆောက်လျက်ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံနဲ့ ပြည်သူပြည်သားအားလုံးအတွက် အမျိုးသားရေးရည်မှန်းချက်အဖြစ် တိုင်းပြည်သာယာဝပြောရေးနဲ့ စားရေရိက္ခာဖူလုံရေးကို ဆောင်ရွက်နေပါတယ်။ နိုင်ငံရေးရည်မှန်းချက်အနေနဲ့ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆောင်ရွက်ပါမယ်။ ဒီနှစ်ချက်ဟာ ကျွန်တော်တို့အတွက် အဂ္ဂမဟာဗျူဟာ (Grand Strategy) ပါပဲ။ လက်ရှိအချိန်မှာကော နောင်အနာဂတ်မှာပါ ရေရှည်ရည်မှန်းချက်အဖြစ် စဉ်ဆက်မပြတ်တိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ဒီအချက်တွေဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့အစိုးရအနေနဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါဟာကျွန်တော်တို့ရဲ့ မဟာဗျူဟာ (Strategy) ပါပဲ။ ဒီအဂ္ဂမဟာဗျူဟာနဲ့ မဟာဗျူဟာတွေ အောင်မြင်စေဖို့၊ ခိုင်မာစေဖို့ လက်ရှိကျွန်တော်တို့ လုပ်ဆောင်နေတာက ဦးတည်ချက် (၉) ချက်ပါပဲ။ ဒါဟာ ကျွန်တော်တို့ရဲ့ နည်းဗျူဟာ (Tactic) ပဲ ဖြစ်ပါတယ်။
ဒီလို နိုင်ငံတော်အတွက် ရည်ရွယ်ချက်၊ ရည်မှန်းချက်များကို ဖြည့်ဆည်းဆောင်ရွက်ရာမှာ အစိုးရတစ်ရပ်က ဦးဆောင်မှုပြုရမှာဖြစ်သလို ပြည်သူလူထုအားလုံးကလည်း လိုက်ပါဆောင်ရွက်နိုင်မှ အောင်မြင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နောက်ကျလို့ ပညာခေတ်မှာ ခေတ်မီအခြေခံပညာအထက်တန်းနဲ့ အဆင့်မြင့်ပညာတတ်မြောက်မှု နည်းပါးခဲ့ပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတည်ဆောက်ရေးမှာ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပါတယ်။ ဒီမိုကရေစီစနစ်မှာ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ပညာနဲ့ တွေးခေါ်မြော်မြင်နိုင်စွမ်းအားဟာ အထူးအရေးကြီးလှပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လူဦးရေအများစုနေထိုင်တဲ့ ကျေးလက်ဒေသတွေဟာ ပညာရေးအားနည်းခဲ့ပါတယ်။ ပညာရေးအားနည်းချက်နဲ့အတူ တွေးခေါ်မြော်မြင်မှုမှာ လိုအပ်ချက်တွေ ရှိခဲ့ပါတယ်။ တွေ့ခဲ့၊ ကြုံခဲ့သမျှ၊ သိသမျှ၊ တတ်သမျှအပေါ်မှာပဲ အခြေခံပြီး ပြောဆိုပြုမူနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပြည်ပက မြှောက်ထိုးပင့်ကော်လုပ်နေမှုတွေ၊ မဟုတ်မမှန်သတင်းတွေအပေါ်မှာနားယောင်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိအောင် လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ဒါတွေကို ပြုပြင်ဖို့၊ ခေတ်စနစ်နဲ့အညီ အတွေးအခေါ်၊ အမြော်အမြင်များ တိုးတက်အောင်လုပ်ဖို့ လိုအပ်ပါတယ်။ ဒါဟာ နိုင်ငံတော်ရဲ့အနာဂတ်ပါပဲ။ ဒါ့ကြောင့် မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူလူထုရဲ့ ကောင်းကျိုးကိုလိုလားကြတဲ့ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းအားလုံး၊ နိုင်ငံအားလုံး၊ တိုင်းရင်းသား ပြည်သူလူထုအားလုံး အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာရှိနေတဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ EAO များအနေနဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေး၊ ပညာရေး၊ အတွေးအခေါ်နဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့မှာ ပူးပေါင်းအားပေးကူညီကြဖို့ ပြောကြားလိုပါတယ်။
တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-
နိုင်ငံသူနိုင်ငံသားများ လိုလားတောင့်တနေတဲ့ နိုင်ငံတော်အေးချမ်းသာယာရေး၊ စားရေရိက္ခာပေါများရေး၊ သာယာဝပြောရေး၊ ကိုယ်စိတ်နှလုံးချမ်းမြေ့စွာဖြင့် လုပ်ကိုင်စားသောက်နိုင်ရေး၊ ပညာသင်ကြားနိုင်ကြရေး၊ ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရေးများရရှိခံစားနိုင်အောင် သက်ဆိုင်သူအားလုံးက နိုင်ငံ့မျက်နှာကြည့်ပြီး ဝိုင်းဝန်းလုပ်ဆောင်ပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်။
ကျွန်တော်တို့ဖြတ်သန်းလာခဲ့တဲ့ NCA သမိုင်းကြောင်းဟာ ဒီနေ့မှာဆိုရင် (၈) နှစ်တာကာလ ဖြတ်သန်းခဲ့ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် “လွတ်လပ်ရေး” ဆိုတဲ့ ရှေးဘိုးဘွားများရဲ့ အမွေတစ်ခုကို ကျွန်တော်တို့အားလုံး ဆက်ခံရယူပြီးဖြစ်သလို မိမိတို့လက်ထက်၊ မိမိတို့ကာလမှာလည်း နောက်မျိုးဆက်သစ်လူငယ်များအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တစ်ခုကိုပေးအပ်ဖို့ တာဝန်ရှိပါတယ်။ အဲဒါကတော့ “စစ်မှန်တည်တံ့ခိုင်မြဲတဲ့ ထာဝရငြိမ်းချမ်းရေး” ဆိုတဲ့ အမွေအနှစ်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေးအမွေအနှစ်ကောင်းကို ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေထံ လက်ဆင့်ကမ်းခဲ့ကြပါစို့လို့ လေးနက်စွာထပ်မံတိုက်တွန်းလိုပါတယ်။
တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-
- ကျွန်တော်တို့အစိုးရအနေနဲ့ ချမှတ်ထားတဲ့ “ရှေ့သို့ချီမည်ပန်းတိုင်ဆီ” စိတ်ဓာတ်နဲ့အညီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နဲ့ ဦးတည်ချက်(၉)ရပ်ပါအတိုင်း မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်သလို နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းရေးအတွက် NCA ကို အလေးထားဆောင်ရွက်သွားမှာဖြစ်လို့ ပြည်သူလူထုတစ်ရပ်လုံးကလည်း ပူးပေါင်းဆောင်ရွက်သွားကြပါ။
- ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက် NCAလက်မှတ်ရေးထိုးပြီးတဲ့ အဖွဲ့အစည်းများကလည်း NCA ပါ ကတိကဝတ်ကို စောင့်ထိန်းကြဖို့နဲ့ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားကြပါ။
- NCA မှာ လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ကလည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့ရဲ့ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးအတွက် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီးတည်ဆောက်ရာမှာ ထဲထဲဝင်ဝင်ပါဝင်နိုင်ဖို့အတွက် တွေ့ဆုံညှိနှိုင်းရေးဆွေးနွေးပွဲများဆီသို့ အရောက်လှမ်းခဲ့ကြပါလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
- အားလုံးကို ကျေးဇူးတင်ပါတယ်။