ရန်ကုန် ဩဂုတ် ၂၂
KBZ MS General Insurance ၏ ကျန်းမာပြည့်၀လုံခြုံစိတ်ချ ကိုယ်စားလှယ်ဘ၀အစီအစဉ် (Agent Health and Wellness Safeguard Program)အဖြစ် ထိပ်တန်းအာမခံကိုယ်စားလှယ်များကို ကျန်းမာရေးနှင့် အသက်အာမခံအကာအကွယ်များ ပေးအပ်သည့်အခမ်းအနားကို ယမန် နေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ Strand Square တွင် ကျင်းပရာ ရှေးဦးစွာ KBZ MS General Insurance ၏ Vice Chairman ဦးညိုမြင့်က အဖွင့်အမှာစကားပြောကြားပြီး Chief Executive Officer Mr.Anil Mancham က နှုတ်ခွန်းဆက်စကားပြောကြားသည်။
ဆက်လက်၍ Vice Chairman ၊ Chief Executive Officer နှင့် တာဝန်ရှိ သူများက ကိုယ်စားလှယ်အချို့ကို ကျန်းမာရေးနှင့် အသက်အာမခံ ပေါ်လစီများ ပေးအပ်ကြသည်။
ယခု ပြုလုပ်သော ကျန်းမာပြည့်၀ လုံခြုံစိတ်ချကိုယ်စားလှယ်ဘ၀ အစီအစဉ်သည် KBZ MS ၏ အာမခံ အမျိုးအစားများအနက်မှ Corporate Packages အမျိုးအစားတစ်မျိုးဖြစ်သည့် အာရောဂျံအာမခံအမျိုးအစားများထဲမှ သူရိယအစီအစဉ်၊ စန္ဒာအစီအစဉ်၊ ဓူဝံအစီအစဉ်တို့အနက် တစ်ခု ခုကိုရရှိမည်ဖြစ်ပြီး ဖျားနာခြင်း၊ မတော်တဆထိခိုက်မှုဖြစ်ခြင်း၊ ခွဲစိတ်ကုသမှုခံယူရခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ သေဆုံးခြင်းတို့ဖြစ်ပေါ်တွေ့ကြုံရပါက သတ်မှတ်ငွေကြေးအကာအကွယ်များ ရရှိမည်ဖြစ်သည်။ ထို့အတူ အာရောဂျံကျန်းမာရေးအာမခံမှာ မြန်မာနိုင်ငံအတွင်း လူသိများရေပန်းစားလာသော အာမခံအမျိုးအစားတစ်ခုဖြစ်ပြီး ယခုအစီအစဉ်၏အဓိကရည်ရွယ်ချက်မှာ KBZ MS ၏ မျှော်မှန်းချက်ဖြစ်သော အာမခံမှတစ်ဆင့် မြန်မာနိုင်ငံအတွင်း လူနေမှုဘဝများကို မြှင့်တင်ပေးရန်နှင့် ကျန်းမာရေးကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာအသိပညာများကို မြန်မာနိုင်ငံအတွင်း ပိုမိုကျယ်ပြန့်လာစေရန်ဖြစ်ကြောင်း သိရသည်။
“သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ ကိုယ်စားလှယ်တွေကို ကျန်းမာရေးနဲ့ အသက်အာမခံပေးအပ်လာတာ အခုဆိုရင် ဒုတိယနှစ်ရှိပါပြီ။ သတ်မှတ်အရည်အချင်းနဲ့ကိုက်ညီတဲ့ ကိုယ်စားလှယ် ၇၉ ဦးအတွက် ပေးအပ်တာပါ။ Customer တွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ ကြိုးစားနေကြတဲ့ ကိုယ်စားလှယ်တော်တွေ ထိခိုက်ဆုံးရှုံးမှုတွေကြုံတွေ့ရင် ကောင်းမွန်သင့်လျော်တဲ့ အာမခံအကာအကွယ်ရရှိခြင်းဖြင့် အမှန်တကယ်လိုအပ်တဲ့ ထောက်ပံ့ကူညီမှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။၊ အခု ကိုဗစ် -၁၉ကာလလို စိန်ခေါ်မှုများသောအချိန်မျိုးမှာ ပိုမိုလိုအပ်မှာ ဖြစ်ပါတယ်” ဟု Head of Comm-ercial ဖြစ်သူ Mr. Jyothish Parame-swaran Monhini က ရှင်းပြသည်။
“အခုလို အာမခံရရှိထားတဲ့အတွက် စိတ်အေးရပါပြီ။ တကယ်လို့ မတော်တဆတစ်ခုခုဖြစ်ခဲ့မယ်ဆိုရင်တောင် ဒီအာမခံအကာအကွယ်က အောက်ဆုံးထိရောက်မသွားအောင်ထိန်းပေးမယ့် လုံခြုံမှုပိုက်ကွန်လိုပါပဲ။ အဆိုးဆုံးအခြေအနေကို ကြုံတွေ့ခဲ့ရမယ်ဆိုရင်တောင် ကျွန်တော့မိသားစု အတွက် အထောက်အကူပြုပေးနိုင်တဲ့ အကာအကွယ်လေးရှိပါလားဆိုပြီး စိတ်အေးရတာပေါ့။ အခုဆိုရင်စိတ်ချလက်ချနဲ့ Customer တွေအတွက် အင်တိုက်အားတိုက် လုပ်ပေးလို့ရပြီပေါ့ဗျာ” ဟု ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်က ပြောသည်။
မြန်မာ့အလင်း