ရန်ကုန် ဩဂုတ် ၂၂
ဧရာဝတီမြစ်အတွင်း ရေလမ်းဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် နယ်သာလန်အခြေစိုက် DAMEN SHIPYARDS GORINCHEM ကုမ္ပဏီမှဝယ်ယူခဲ့သော အရည်အသွေးမြင့် “ဧရာမောင်” နှင့် “သလ္လာမောင်” သောင်တူး ရေယာဉ်အသစ် နှစ်စီး (Cutter Suction Dredger-CSD 500)အား ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ဘုရင့်နောင်လမ်းရှိ JV of Myanmar Shipyards-AMECC ရုံးဝင်းအတွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဧရာဝတီ မြစ်ဝှမ်း ဘက်စုံစီမံ ခန့်ခွဲမှုစီမံကိန်း (Ayeyarwady Integrated River Basin Management (AIRBM) Project) ၏ စီမံကိန်းအပိုင်း(၃)၏အစီအစဉ်ဖြင့် ဧရာဝတီမြစ်အတွင်း ရေလမ်းဖွံ့ဖြိုးရေး လုပ်ငန်းများ ကို ထိထိရောက်ရောက်ဆောင်ရွက် နိုင်ရန် အတွက် အရည်အသွေးမြင့် သောင်တူးရေယာဉ် နှစ်စီးအား ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ စီမံကိန်းအပိုင်း(၃)(Component-3) အနေဖြင့် ဧရာဝတီမြစ်အတွင်း မန္တလေး မှ ညောင်ဦးအထိ ရေလမ်းဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ခြင်း၊ ရေလမ်းတိုင်းတာရေး စနစ်များ ကိရိယာများမြှင့်တင်ခြင်း၊ (၂၄)နာရီ ရေလမ်းပြအမှတ်အသား များ တပ်ဆင်ခြင်း၊ မြစ်ကြောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ခြင်းနှင့် လုံခြုံစိတ်ချရပြီး ဈေးနှုန်း သက်သာသော ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ညောင်ဦး- ရန်ကုန်အထိ ရေကြောင်း တိုင်းတာရေး ဆောင်ရွက်ပြီး Navigation Charting ပြုလုပ်ခြင်း၊ ရေလမ်းပြအမှတ် အသားများ ပြုပြင်ထိန်း သိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိခြင်းနှင့် မန္တလေး-ညောင်ဦး ရေလမ်းဖွံ့ဖြိုးရေး အတွက် အင်ဂျင်နီယာဆိုင်ရာ ဖြစ်နိုင်ခြေလေ့လာခြင်းနှင့် အသေးစိတ် ဒီဇိုင်းရေးဆွဲခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း။
ဌာနအနေဖြင့် တစ်နိုင်ငံလုံးတွင်ရှိသည့် မြစ်ချောင်းများကို ရေလမ်းဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်ရန် သောင်တူးရေယာဉ်များ အနေဖြင့် လက်ရှိမှာ Cutter Suction Dredger ၁၂ စီး၊ Backhoe Dredger ၃ စီး၊ Grab Dredger တစ်စီး၊ Trailing Suction Dredger တစ်စီး၊ Work boat ၁၂ စီး၊ Split Barge လေးစီးနှင့် Amphibious Mulitipurpose Dredger တစ်စီးတို့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဌာနတွင် လက်ရှိ စွမ်းရည်အမြင့်ဆုံးသောင်တူး သင်္ဘောမှာ တစ်နာရီလျှင် ကုဗမီတာ ၄၀၀ သာ တူးဖော်နိုင်ပြီး ယခု CSD-500 သောင်တူး ရေယာဉ်များမှာ တစ်နာရီလျှင် ကုဗမီတာ ၁၀၀၀ အထိ တူးဖော်ပေးနိုင်မည်ဖြစ်၍ ဌာန လုပ်ငန်းများကို များစွာ အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း၊ ယင်းနောက် ရန်ကုန်-မန္တလေး သင်္ဘောများ ရာသီမရွေး ၂၄ နာရီသွားလာနိုင်ရန်နှင့် နိုင်ငံ၏ ကုန်စည်စီးဆင်းမှုကို ကုန်ကျစရိတ် သက်သာစွာဖြင့် ပို့ဆောင်နိုင်ရန်အတွက် ယခုဝယ်ယူခဲ့သော သောင်တူး သင်္ဘော နှစ်စီးကြောင့် နိုင်ငံ၏ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှုကို များစွာအထောက်အကူပြုမည်ဟုယုံကြည်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး Mr. Wouter Jurgens က မြန်မာနိုင်ငံနှင့် ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှုလုပ်ငန်း များတွင် ပူးပေါင်း ဆောင်ရွက်မှုများအတွက် နယ်သာလန်နိုင်ငံအနေဖြင့် အမြဲအဆင်သင့်ရှိပါကြောင်း၊ ရေနှင့် ဆိုင်သော သဘာ၀ဘေးအန္တရာယ်များ စီမံခန့်ခွဲမှုများတွင်လည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သောင်တူး ရေယာဉ်သစ် များ၏ မှတ်တမ်းဗီဒီယို ပြသမှုကို ကြည့်ရှုကြသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး Mr. Wouter Jurgens နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်တို့က အမှတ်တရ လက်ဆောင်များကို အပြန်အလှန် ပေးအပ်ကြပြီး “ဧရာမောင်” နှင့် “သလ္လာမောင်” သောင်တူးရေယာဉ်သစ် နှစ်စီးနှင့် သက်ဆိုင်သည့်စာရွက်စာတမ်းများကို DAMEN ကုမ္ပဏီ ကိုယ်စားလှယ်မှ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခေတ္တညွှန်ကြားရေး မှူးချုပ် ဦးဝင်းလှိုင်ထံ လွှဲပြောင်း ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ သံအမတ်ကြီးနှင့် တာဝန်ရှိသူများသည် သောင်တူး ရေယာဉ်သစ်များပေါ်သို့ လှည့်လည် ကြည့်ရှုစစ်ဆေးကြသည်။
(သတင်းစဉ်)