ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်)နေ့ဖြစ်သည်။ လအလိုအားဖြင့် တော်သလင်းလပြည့်နေ့သည် ဝါဆို၊ ဝါခေါင်၊ တော်သလင်း ဝါတွင်းသုံးလ နောက်ဆုံးလပြည့်ဖြစ်သည်။ ဝါတွင်းသုံးလတွင် ကုသိုလ်ကောင်းမှု၊ သူတော်ကောင်းတရားများ အစဉ်ကျင့်ကြံပွားများကြသောကာလ ဖြစ်သည်။ ပါဠိအလိုအားဖြင့် “ဂရု” အလေးအမြတ်ပြုရသော “ဓမ္မ”တရားဖြစ်သည်။ ထို့ကြောင့် ဤတော်သလင်းလပြည့်နေ့တွင် သူတော်ကောင်းတရား ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာကျင့်ကြံအားထုတ်ကြရမည့် အထိမ်းအမှတ်အခါသမယ ဖြစ်သည်။
တိုင်းပြည်အုပ်ချုပ်သည့်ဘုရင်ကိုယ်တိုင် လိုက်နာစောင့်ထိန်းသော ဂရုဓမ္မဆိုသည်မှာ ငါးပါးသီလပင်ဖြစ်သည်။ သူတော်ကောင်းတို့ အရေးတယူဂရုတစိုက် လိုက်နာကျင့်သုံးသောသီလဖြစ်၍ ဂရုဓမ္မသီလဟု ခေါ်တွင်ခြင်းဖြစ်သည်။ ထို့အပြင် မြတ်စွာဘုရားရှင် ပါရမီဖြည့်စဉ် ဘဝဟောင်းတစ်ခု၌ ကုရုတိုင်းသားတို့ စောင့်ထိန်းကြသောသီလဖြစ်သောကြောင့် ကုရုဓမ္မ၊ ဂရုဓမ္မသီလဟုခေါ်တွင်ခြင်းဖြစ်သည်။ ဂရုဓမ္မသီလကို စောင့်ထိန်းရန် ဘုရားလောင်းဓနဉ္စယမင်းကြီး တိုက်တွန်းသည့် မိုးကာလကိုအကြောင်းပြု၍ မိုးကာလ ဝါတွင်းသုံးလအပါအဝင်ဖြစ်သည့် တော်သလင်းလအတွက် ဂရုဓမ္မအခါတော်နေ့ကို သတ်မှတ်ပြီး ယဉ်ကျေးမှုအရ လှေပြိုင်ပွဲများကျင်းပခဲ့သည်။
ဂရုဓမ္မသီလကို ရှေးမြန်မာမင်းများနှင့် တိုင်းသူပြည်သားများ အရေးတယူ ဆောင်ရွက်ခဲ့ကြပုံများမှာ သာဓုလက်ဆုံခေါ်ဆိုစရာများဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၁၄၆ ခုနှစ် ဘိုးတော်မင်းတရားလက်ထက် ကျင်းပခဲ့သော ဂရုဓမ္မအခါသမယ အစီအစဉ်မှာ အထူးပြုဖွယ်ဖြစ်သည်။ ရှေးမြန်မာဘုရင်များ လိုက်နာထုတ်ပြန်မြဲ ဖြစ်သည့် ဂရုဓမ္မအမိန့်တော်ကို နာခံတော်က ရေးသားမှတ်တမ်းတင်၍ လွှတ်တော်သို့ တင်ပြရသည်။ လွှတ်တော်က အတည်ပြုပြီးနောက် တစ်ဆင့်ပြန်တမ်းထုတ်ပြန်၍ နေပြည်တော်တစ်ခွင် မြို့တွင်းမြို့ပြင်မကျန် အရပ်ရပ်ပြည်သူများသိစေရန်ကြေညာသည်။ ဆိုင်ရာမြို့စား၊ နယ်စားအပေါင်းတို့က မြို့ရွာများသို့ စာချွန်တော်ပို့စေရသည်။
ဂရုဓမ္မအမိန့်တော်ပြန်တမ်းကြီးတွင် “ပြည်သူလူတကာ သတ္တဝါအပေါင်းတို့ ယခုဝါဆိုကာလရောက်ပြီ။ သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးယူခြင်း၊ သူ့အိမ်ရာကို ပြစ်မှားခြင်း၊ မဟုတ်မမှန်သောစကားကိုဆိုခြင်း၊ သေရည်သေရက်ကိုသောက်ခြင်း တရားငါးပါးကို မကြဉ်မရှောင်ပြုကုန်သောသူတို့သည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်အပါယ်လေးဘုံ၌ တလူးလာလာနစ်မွန်းကုန်ရာသည်။ တရားငါးပါးကို ကြဉ်ရှောင်၍ အလှူပေးခြင်း၊ သီတင်းသီလဆောက်တည်ခြင်းကို ပြုသောသူတို့သည် လူမင်းနတ်မင်းစည်းစိမ်ကိုခံစားရ၍ နတ်ရွာနိဗ္ဗာန်ချမ်းသာသို့ ရောက်ရာသည်ကို နှလုံးသွင်းလျက် သရဏဂုံသုံးပါး၊ ပဉ္စသီငါးပါး၊ အဋ္ဌသီရှစ်ပါးတို့ကို မပြတ်ဆောက်တည်ကြကုန်”ဟု ထုတ်ပြန်ခဲ့သည်။
ရှေးမြန်မာမင်းအဆက်ဆက် ဂရုဓမ္မသီလအခါတော်ကို အစဉ်အလာမပျက် စောင့်ထိန်းခဲ့ကြပြီး မင်းတုန်းမင်းတရားကြီးလက်ထက်မှသည် သားတော်သီပေါမင်း လက်ထက်အဆုံး ကျင်းပခဲ့သည်ဟုသိရသည်။ မြန်မာမင်းများသည် မြတ်ဗုဒ္ဓဟောကြားသည့် ရာဇအပရိဟာနိယမတရား ခုနစ်ပါးနှင့်အညီ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ကြသည်။ မြန်မာလူမျိုးနှင့်ထေရဝါဒဗုဒ္ဓဘာသာသည် ပြည်ထောင်ဖက်ဖြစ်သည်။ တစ်သားတည်းဖြစ်သည်။ ထေရဝါဒဗုဒ္ဓဘာသာနှင့် ဘာသာရေးအခြေခံယဉ်ကျေးမှုသည် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ အသိဉာဏ်လည်းဖြစ်သည်။ ထေရဝါဒဗုဒ္ဓဘာသာကိုအခြေခံ၍ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေတို့ကို တည်ဆောက်ထားခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာအခြေခံသည် ဂရုဓမ္မသီလဖြစ်၍ ရှေးမြန်မာမင်းအဆက်ဆက်မှ ယနေ့ထက်တိုင်အောင် အလေးအနက်ပြုနေကြဆဲ ဖြစ်သည်။ ဂရုဓမ္မသီလ ဆောက်တည်ခြင်း၊ ပျက်ယွင်းခြင်းအကျိုးအပြစ်များကို နောင်တမလွန်မဆိုင်း မျက်မှောက်ကြုံတွေ့နိုင်သည်။
ယနေ့ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ဂရုဓမ္မသီလကို အကြောင်းခံသည့် ကုသိုလ်ကောင်းမှုများ မစဲဘဲပွားများနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ အကောင်း အဆိုးနှစ်တန်ရောထွေးနေသည့်သဘာဝ၊ ဆုတ်ကပ်ကာလတွင် ဂရုဓမ္မသီလပါးလျား လာသည်ကိုလည်းတွေ့ရသည်။ အကျိုးဆက်အနေဖြင့် မျက်မှောက်ကမ္ဘာတွင် ကပ်ကြီးသုံးပါး ဆိုက်ရောက်နေသည့်အလား လက္ခဏာများတွေ့မြင်နေရသည်။ နည်းပညာနှင့်တိုးတက်ဖြစ်ထွန်းမှုများ၏ နောက်ဆက်တွဲရလဒ်များတွင် ထေရဝါဒဗုဒ္ဓသာသနာအနှစ်သာရများ လျော့နည်းလာခြင်းဖြစ်သည်။ ဘာသာသာသနာ ယဉ်ကျေးမှုယိုယွင်းခြင်းကြောင့် နိုင်ငံနှင့်လူမျိုးအပေါ် ကျရောက်လာမည့်အန္တရာယ်များကို ကာကွယ်နိုင်ရန်အတွက်ဆိုလျှင် ဂရုဓမ္မသီလကို စောင့်ထိန်းကြရန်လိုအပ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏အသက်ဖြစ်သည့် ထေရဝါဒဗုဒ္ဓ သာသနာသန့်ရှင်းတည်တံ့ထွန်းကားရေးနှင့် ဘာသာရေးအခြေခံယဉ်ကျေးမှုများ အားကောင်းနေစေရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်၍ ရှေးအစဉ်အလာမပျက် ထွန်းကားနေသော ဘာသာရေးယဉ်ကျေးမှုများ ထွန်းကားပြန့်ပွားအောင် ဆက်လက်ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း။။