Skip to main content

ခိုလမ်မြို့ တုန်ဟုန်းကျေးရွာအုပ်စုနှင့် ဟိုင်းလိုက်ကျေးရွာအုပ်စုရှိ ဒေသခံတိုင်းရင်းသားများအား စားအုန်းဆီ၊နေကြာမျိုးစေ့နှင့် မြေဩဇာများ ထောက်ပံ့ပေးအပ်၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

နေပြည်တော် စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း) ခိုလမ်မြို့ တုန်ဟုန်းကျေးရွာအုပ်စုနှင့် ဟိုင်းလိုက်ကျေးရွာအုပ်စုရှိ ဒေသခံတိုင်းရင်းသားများအား စားအုန်းဆီ၊ နေကြာမျိုးစေ့နှင့် မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် တုန်ဟုန်းကျေးရွာ၌ ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးကစားအုန်းဆီ၊ နေကြာမျိုးစေ့နှင့် မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး နမ့်စန်ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဒေသခံတောင်သူများအား ဆီထွက်သီးနှံများ စိုက်ပျိုးရာတွင် စိုက်ပျိုးရေးနည်းစနစ်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများအား စားအုန်းဆီ၊ နေကြာမျိုးစေ့နှင့် မြေဩဇာများကို ထောက်ပံ့ပေးအပ်ကြသည်။

ယင်းနောက် နယ်မြေခံဆေးကုသရေးအဖွဲ့က တုန်ဟုန်းကျေးရွာအုပ်စုနှင့် ဟိုင်းလိုက်ကျေးရွာအုပ်စုရှိ ဒေသခံတိုင်းရင်းသားများအား တုန်ဟုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံတိုင်းရင်းသားပြည်သူ ၁၀၅ ဦးအား သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အရိုးအကြောရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီးဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူများအား ခိုလမ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်နေမှုများကို တိုင်းမှူးနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးပြီးအာဟာရ ဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်