သတင်း- ဖြိုးလေး၊ ငုရွှေဝါ
ဓာတ်ပုံ - ဇော်ဘောက်
မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ်သည် သဘာဝသယံဇာတများ ပေါများသည့်အလျောက် အာရှ၏အကောင်းဆုံး ကျောက်စိမ်းရတနာ ထွက်ရှိသည်သာမက ကချင်ပြည်နယ်မှထွက်ရှိသော ပယင်းကျောက်သည်လည်း လူကြိုက်များလှသည်။ ထို့အပြင်စိုက်ပျိုးမြေမှာလည်း မြေဆီလွှာကောင်းများရှိသည့်ဒေသဖြစ်သည်။
ရေမြေတောတောင် သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝပြီး သာယာလှပသောရှုခင်းများ၊ ဒေသခံတိုင်းရင်းသား လူမျိုးများ၏ ဓလေ့ထုံးတမ်းများ၊ ရိုးရာအစားအစာများ၊ ဒေသထွက်ကုန်များစသည်တို့က လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုလျက်ရှိသည်။
ဆွဲဆောင်မှုတစ်ခုအဖြစ်တည်ရှိ
ဒေသထွက် ကျောက်စိမ်း၊ ပယင်းအချောထည်များ၊ ရိုးရာဂျပ်ခုတ်အဆင်၊ ရိုးရာပုဆိုးတို့သည် ပြည်နယ်အတွင်း ဆွဲဆောင်မှုတစ်ခုအဖြစ် တည်ရှိနေပြီး အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း (MSME)အဖြစ် တိုးတက်လျက်ရှိသည်။ ထို့အတူ သဘာဝ အလျောက် ဆေးဖက်ဝင် မဂျစ်ဥ၊ ခန်းတောက်မြစ်၊ ဂျင်စင်း၊ မရှော့၊ ရှီးပတီး (ခေါ်)ပိုးဆေးနွယ်ရှင် စသည့်အပင်များ ပေါက်ရောက်ရာ ဒေသလည်းဖြစ်သည်။
ဒေသမှထွက်ရှိသော အဖိုးတန်ဆေးဖက်ဝင် အပင်၊ အရွက်၊ အသီး၊ အခေါက်၊ အမြစ်များဖြင့် ဖော်စပ်ထုတ်လုပ်ထားသည့် အစွမ်းထက်မြက်သည့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခြင်း လုပ်ငန်း များရှိရာ ကချင်ပြည်နယ်အတွင်း တိုင်းရင်းဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းပေါင်း ၃၅ ခုရှိကြောင်းလည်း သိရသည်။ အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်ကင်းကာ အကျိုးသက်ရောက်မှုရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ သုံးစွဲရန်အတွက် သက်ဆိုင်ရာက ကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။
ကချင်ပြည်နယ်မှ ထွက်ရှိသော အစာကြေဆေး၊ ရှူလိမ်းဆေး၊ အကြောပြေဒဏ်ကြေလိမ်းဆေး၊ မီးယပ်ဆေး၊ သွေးအားတိုးဆေး၊ အဆုတ်ရောဂါ သောက်ဆေး၊ သလိပ်ပျော်အစာကြေ ဆေးပြား၊ အခိုးပွင့်သွေးဆေး၊ အကျိတ် မန်းဆေး၊ ကလေးသူငယ်နာဆေး၊ လိပ်ခေါင်းဆေး၊ မီးယပ်သွေးသန့်ဆေး၊ အဖုအကျိတ်နာသောက်ဆေး၊ အရိုးနှင့်အနာစည်းဆေး၊ ဆေးမြစ်စုံ ဒဏ်ကြေ လိမ်းဆေး၊ ကချင်ဆေးမြစ်စုံဆေး၊ စိမ်သောက်ဆေးအစရှိသည့်ဆေးများကို ဆေးဖက်ဝင်အပင်များနှင့် ဖော်စပ်ထုတ်လုပ်ရောင်းချလျက်ရှိသည်။
ထိုသို့ ထုတ်လုပ်နေသည့် လုပ်ငန်းများအနက် ကချင်ပြည်နယ်မြစ်ကြီးနားမြို့အနီးတစ်ဝိုက်မှ ထွက်ရှိသော ဆေးဖက် ဝင်အပင်များဖြင့် ဖော်စပ်ထုတ်လုပ်နေသည့် ဘဝသစ်တိုင်းရင်းဆေးဝါးထုတ်လုပ် ရေးလုပ်ငန်းကို တင်ပြမျှဝေလိုပါသည်။
ထုတ်လုပ်လျက်ရှိ
အဆိုပါဆေးတိုက်သည် အဆုတ်ဆေးကို အဓိကထားထုတ်လုပ်ပြီး လေနိုင်ဆေး၊ ဒူလာဆေး၊ ချောင်းဆိုးရောဂါ သောက်ဆေး၊ ရိန်းဂျားဒဏ်ကြေလိမ်းဆေးများ ထုတ်လုပ်လျက်ရှိသည်။ ဆေးဝါးများထုတ်လုပ်ရာတွင် အဆုတ်ရောဂါဖြစ်ပွား သူများအတွက် အဓိကထားထုတ်လုပ်ပြီး ဆေးမြစ်၊ ဆေးနွယ်၊ ဆေးရွက်များဖြင့် ပေါင်းစပ်ထုတ်လုပ်ထားခြင်းဖြစ်ကာပါဝင်သော ဆေးကုန်ကြမ်းအမယ်များသည် မြစ်ကြီးနားအနီးတစ်ဝိုက်မှရရှိသောကုန်ကြမ်းများဖြင့် ဖော်စပ်ထားကြောင်းလည်းသိရသည်။ သဘာဝသစ်နွယ်သစ်မြစ်သစ်ရွက် သစ်ခေါက်များဖြစ်သော ကျားခြေရာ၊ နနွင်းခါးအစရှိသည်များနှင့် ထုတ်လုပ်ထားရှိသောကြောင့် ဆေးဖက်ဝင်အာနိသင်အနေဖြင့် ရောဂါအခြေအနေပေါ် မူတည်၍ သက်သာပျောက်ကင်းကြောင်းသိရသည်။ အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားစဉ် ကာလအတွင်း ထုတ်လုပ်မှုများပြားခဲ့ကြောင်း၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများကပါ မှာယူမှုရှိသဖြင့် ပိုမိုရောင်းချနိုင်ခဲ့ကာ ဆေးစွမ်းထက်မြက်မှုကို ပိုမိုသိရှိလာကြကြောင်း ဆေးတိုက်ပိုင်ရှင်ဖြစ်သူ ဦးမရစ်နော်ဂျာက ပြောသည်။
ယင်းဆေးဝါးများကို ၁၉၅၈ ခုနှစ် ကတည်းကဖခင်ဖြစ်သူ စတင်လုပ်ကိုင်ခဲ့ရာ မိမိအနေဖြင့် လက်ဆင့်ကမ်းအမွေအဖြစ် ထိန်းသိမ်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ မိရိုးဖလာ ဆေးဖော်စပ်နည်းအတိုင်းလက်ရှိတွင် ဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း၊ တိုင်းရင်းဆေးဝါးမှတ်ပုံတင်၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောပြသည်။ နေ့စဉ်ဆေးထုပ်အသေး အရေအတွက် တစ်ထောင်ခန့် ထုတ်လုပ်နိုင်ကြောင်းနှင့် တစ်နိုင်တစ်ပိုင်မှသည် ဒေသနေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းပါ တိုးပွားရေးကိုလည်း ဆောင်ရွက်ပေးနိုင်ကြောင်း တွေ့ရသည်။
ပါဝင်ပြသ
ထိုသို့ အလုပ်အကိုင်အခွင့်အလမ်း တိုးပွားခြင်းနှင့်အတူဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) ဖွံ့ဖြိုးတိုးတက်ရေးထုတ်ကုန်ပြပွဲများတွင် ပါဝင်ပြသခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။
ကချင်ပြည်နယ်ရှိ သဘာဝတောတောင်များမှထွက်ရှိသော ဆေးဖက်ဝင်အပင်များဖြင့် တိုင်းရင်းဆေးဝါးများထုတ်လုပ်ဖြန့်ချိလျက်ရှိရာ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူပြုစေမည်ဖြစ်ခြင်း၊ ပြည်တွင်းမှရရှိနိုင်သောသယံဇာတဆေးဝါးများကို တွင်ကျယ်စွာရရှိနိုင်ရေးနှင့် အသုံးချနိုင်ခြင်းတို့အပြင် ဒေသနေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြုနေမည်သာ ဖြစ်ပါကြောင်းရေးသားတင်ပြလိုက်ရပါသည်။ ။