နေပြည်တော် ဧပြီ ၂
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားက နိုင်ငံတော်ယာယီသမ္မတ၏ လမ်းညွှန်မှာကြားချက်အရ ရထားလမ်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းနည်းပညာဆိုင်ရာ အထောက်အကူပြုအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မြန်မာ့မီးရထားရုံးချုပ် နေပြည်တော်ဘူတာကြီးဝင်းအတွင်းရှိ ဘဝသံသရာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ မြန်မာ့မီးရထားဦးဆောင်ညွှန်ကြားရေးမှူးနှင့် အထွေထွေမန်နေဂျာများ၊ အရာထမ်းအမှုထမ်းများနှင့် မြန်မာ့မီးရထားတိုင်းအသီးသီးမှ အရာထမ်းအမှုထမ်းများကလည်း Online ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ရထားလမ်းပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်း နည်းပညာဆိုင်ရာ အထောက်အကူပြု အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သူများကို အမှာစကားပြောကြားသည်။
ထို့နောက် ရထားလမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းနှင့် ပတ်သက်၍လည်းကောင်း၊ ရွှေညောင်ဘဝသံသရာတံတားနှင့် တောင်ကြီးဘဝသံသရာတံတားတို့၏ ကွေ့နှစ်ခုနှိုင်းယှဉ်သုံးသပ်ချက်နှင့် ပတ်သက်၍လည်းကောင်း၊ ရန်ကုန်မြို့ပတ်ရထားလမ်း၏ မြို့ပြအင်ဂျင်နီယာပိုင်းဆိုင်ရာလုပ်ငန်းများ ပြုပြင်ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသော မြန်မာ့မီးရထားအတွက် ခေတ်မီစက်ယန္တရားများဖြင့် လမ်းပြုပြင်ထိန်းသိမ်းမှုကဏ္ဍ ခေါင်းစဉ်ဖြင့်လည်းကောင်း ဌာနအလိုက် သက်ဆိုင်ရာအင်ဂျင်နီယာများက ဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက ရထားလမ်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းနည်းပညာဆိုင်ရာ အထောက်အကူပြု အလုပ်ရုံဆွေးနွေးပွဲများကို ပုံမှန်ပြုလုပ်သွားကြရန် မှာကြားသည်။
ဆွေးနွေးတင်ပြချက်များအပေါ် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများ၏ မေးမြန်းချက်များ ပြန်လည်ဆွေးနွေးသည်။
ရထားလမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းနည်းပညာဆိုင်ရာ အထောက်အကူပြု အလုပ်ရုံဆွေးနွေးပွဲသို့ အရာထမ်းအမှုထမ်း ၉၀ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
