ပူတာအို စက်တင်ဘာ ၁၈
မြန်မာပြည်မြောက်ဖျား ပူတာအိုဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းစားရေရိက္ခာဖူလုံရေးအတွက် ပူတာအိုမြို့၌ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်ဝန်ကြီးများ၊ ပူတာအိုအခြေချစစ်ဗျူဟာမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၇ ရက် ညနေပိုင်းက ပူတာအိုမြို့ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲသို့ တက်ရောက်အားပေးသည်။
ဘောလုံးပြိုင်ပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဒေါ်ဒွဲဘူနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် တိုင်းခမ်းတီမျိုးနွယ်စုဝင် လူငယ်မောင်မယ်များက ရှမ်းရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ဗိုလ်လုပွဲစဉ်အဖြစ်မန်စေကျေးရွာ ဘောလုံးအသင်းနှင့် ပန်းလှိုင်ရပ်ကွက်ဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ဒေသခံဘောလုံး ဝါသနာရှင်များနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြရာ ပန်းလှိုင်ရပ်ကွက်ဘောလုံးအသင်းက လေးဂိုးဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဘောလုံးပွဲတွင် ရိုးရာအကဖြင့် ကပြဖျော်ဖြေခဲ့ကြသည့် တိုင်းခမ်းတီလူငယ်အကအဖွဲ့များအတွက် ထောက်ပံ့ငွေများကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းနှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၏ဇနီးတို့က နှစ်သိမ့်ဆုရဘောလုံးအသင်းများနှင့် တတိယဆုရဘောလုံးအသင်းတို့အား လည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဒုတိယအသင်း ဘောလုံးအသင်းအတွက် တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ပူတာအိုအခြေချစစ်ဗျူဟာမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့မိမြို့ဖနှင့် တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌတို့က ပွဲစဉ်တစ်လျှောက်အကောင်းဆုံး ကစားသမားဆု၊ နေရာအလိုက် အကောင်းဆုံးကစားဆုများအားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရဘောလုံးအသင်းအတွက် တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်များကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပထမဆုရအသင်းအတွက် တံခွန်စိုက်ဆုဖလားကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။
သတင်းစဉ်