Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ပိုးချည်ထုတ်လုပ်ခြင်းနှင့်ပတ်သက်သော သုတေသနလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၁၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းက ပိုးသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာန၏ ပိုးစာပင်စိုက်ပျိုးခြင်း၊ ပိုးမွေးမြူခြင်းနှင့် ပိုးရောဂါစစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ပိုးမွေးတောင်သူများသို့ မျိုးပိုးဥများ ထုတ်လုပ်ဖြန့်ဖြူးနေမှု၊ မိမျိုးဘမျိုး ၂၈ မျိုး၊ နိုင်ငံခြားပိုးမျိုး ၄၄ မျိုးနှင့် အရိုင်းစပ်မျိုးသစ် ၁၇ မျိုးတို့ကို မပျောက်ပျက်စေရန် နှစ်စဉ်ထိန်းသိမ်း စုဆောင်းထားရှိမှု၊ ပိုးစာမျိုးစပ်ခြင်း၊ ပိုးမျိုးများ မျိုးစပ်ခြင်းသုတေသနလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ရာသီဥတုဒဏ်နှင့် ရောဂါဒဏ်ခံနိုင်ရည်ရှိသော ပိုးမျိုးသစ်များရရှိရေး သုတေသနလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ပိုးမွေးမြူရေးလုပ်ငန်းအခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် ပိုးစာပင်စိုက်ပျိုးခြင်း၊ ပိုးမွေးမြူခြင်းသင်တန်းများကို ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဆောင်ရွက်ကြရန် လိုအပ်ချက်များ၊ ဇီဝနည်းပညာဖြင့် ပိုးမျိုးသစ်များမွေးမြူ ထုတ်လုပ်ရာတွင် သုတေသနလုပ်ငန်း အချက်အလက်များကို စုဆောင်း၍ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနပိုင်မြေနေရာ ဧက ၁၀၀ ကို ကောင်းမြန်မာအောင် ကုမ္ပဏီလီမိတက်က ငှားရမ်းလုပ်ကိုင်နေသော ပိုးစာပင်စိုက်ပျိုးခြင်း၊ ပိုးမွေးမြူခြင်းနှင့် ပိုးထွက်လူသုံးကုန်များ ထုတ်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြင်ဦးလွင်မြို့ ရေငယ်ကျေးရွာရှိ ရွှေကောင်းကင်ကုမ္ပဏီလီမိတက်၏ ကြက်ဥသား ဖောက်လုပ်ငန်း၊ ပြင်သစ်နိုင်ငံ (Bovan Goldline)ဥစားကြက်မျိုးဖောက်ထုတ်လုပ်နေမှုနှင့် သားပေါက်များ ဖြန့်ဖြူးမှုတို့ကို ကြည့်ရှုအားပေးသည်။

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာနမှ BOT စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်နေသည့် ရွှေဧရာနဒီကော်ဖီစက်ရုံ၏ ကော်ဖီထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာန ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ၊ ပိုးချည်စက်ရုံနှင့် ပိုးစာသုတေသနခြံ၏ ပိုးစာပင်စိုက်ပျိုးခြင်း၊ ပိုးမွေးမြူခြင်း၊ ပိုးချည်ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပိုးချည်ထုတ်လုပ်ခြင်းလုပ်ငန်း တိုးတက်ရေးအတွက် လိုအပ်သောမျိုးနှင့်နည်းပညာများ ဖြန့်ဝေနိုင်ရေးဆောင်ရွက်နေမှု၊ ချင်းပြည်နယ်မှ လာရောက်လေ့လာသင်ယူလျက်ရှိသော သင်တန်းသား သင်တန်းသူများ၏ လက်တွေ့ပိုးချည်ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာနမှ BOTစနစ်ဖြင့် ငှားရမ်းလုပ်ကိုင်နေသည့် စဉ့်ကိုင်မြို့နယ် ပလိပ်ကြားစခန်းရှိ မြန်မာဩဘာ လယ်ယာသုံးသွင်းအားစုများ သိုလှောင်ထားရှိမှု၊ တမာပိုးသတ်ဆေး စက်ရုံ (ပလိပ်) တွင် မြန်မာ့ရွှေသီးနှံ ကုမ္ပဏီလီမိတက်မှ ပြည်တွင်းထွက် တမာကုန်ကြမ်းများဖြင့် တမာပိုးသတ်ဆေးတိုးချဲ့ထုတ်လုပ်ရေး၊ အရည်အသွေးမီ ရွက်ဖျန်းမြေဩဇာနှင့် အော်ဂဲနစ်မြေဩဇာထုတ်လုပ်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

သတင်းစဉ်