Skip to main content

ကချင်ပြည်နယ်မှ MSME လုပ်ငန်းဖြစ်သည့် ကချင်ရိုးရာအထည်ရက်လုပ်ငန်း

ဖြိုးလေး၊ ငုရွှေဝါ၊ ဓာတ်ပုံ - ဇော်ဘောက်

နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထားဆောင်ရွက်ပေးလျက်ရှိရာ ပြည်တွင်းထုတ်ကုန်အားပေးရန်၊ သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်ရရှိစေရန်၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု (One Region One Product) အကောင်အထည်ဖော်နိုင်ရန် လမ်းညွှန်ချက်များအပေါ် ကချင်ပြည်နယ်အနေဖြင့်လည်း အစီအစဉ်များ ရေးဆွဲဆောင်ရွက်လျက်ရှိသည်။

ကချင်ပြည်နယ်၏ ဒေသတစ်ခုထုတ်ကုန်တစ်ခု အစီအစဉ်တွင် ရိုးရာရက်ကန်းလုပ်ငန်းများ အပါ အဝင် ဒေသထွက်သီးနှံများနှင့် ဆန်ခေါက်ဆွဲစသည့်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးရေးအတွက် Action Plan များ ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ ကချင်ပြည်နယ်အတွင်းရှိ ရက်ကန်းလုပ်ငန်းများတွင် စက်မှုမှတ်ပုံတင်ထားသောလုပ်ငန်း ၃၆ ခုရှိပြီး ရက်ကန်းစင်အရေအတွက် ၂၁၉ စင်ရှိကြောင်း သိရသည်။

လူကြိုက်များသော အဝတ်အထည်များ

ကချင်ပြည်နယ် ရက်ကန်းလုပ်ငန်းများမှထွက်ရှိသော ကချင်ပုဆိုး၊ ကချင်လုံချည်၊ ဂျပ်ခုတ်အပွင့်ဖောက်များသည် နိုင်ငံတစ်ဝန်း လူကြိုက်များရေပန်းစားသော အဝတ်အထည်များတွင် ပါဝင်သည်။ ကချင်ရိုးရာအဆင်များအနေဖြင့် အမျိုးသား၊ အမျိုးသမီးတိုင်း ကြိုက်နှစ်သက်ကာ ရာသီမရွေး ဝတ်ဆင်နိုင်သည့် ချည်ထည်အမျိုးအစားများဖြစ်ကြောင်းလည်း တွေ့ရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရမ်ပူရပ်ကွက် အမှတ်(၄)နယ်မြေသည် ရိုးရာရက်ကန်းထည်များ ထုတ်လုပ်နေသောနေရာများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ တစ်ပိုင်တစ်နိုင်မှသည် ရက်ကန်းစင် ပေါင်းများစွာဖြင့် လုပ်ကိုင်နေကြသောနေရာ ဖြစ်သည်နှင့်အညီ ရက်ကန်းခတ်သံများဖြင့် ပြည်နယ်၏အလှကို ဖော်ဆောင်လျက်ရှိသည်။

ဂျိန်းဖော့သူ စက်ရက်ကန်းလုပ်ငန်း

ရပ်ပူရပ်ကွက်၌ ကချင်ပြည်နယ် SME အသင်းဝင် ဦးထွန်းထွန်းနိုင်၏ ဂျိန်းဖော့သူ စက်ရက်ကန်း လုပ်ငန်းတွင် ကုန်ကြမ်းမှ ကုန်ချောကချင်ရက်ကန်းထည်များ ထုတ်လုပ်နေမှုများနှင့်ပတ်သက်၍ သွားရောက်တွေ့ဆုံမေးမြန်းခဲ့မှုကို တင်ပြလိုပါသည်။ ဂျိန်းဖော့သူစက်ရက်ကန်း၊ လက်ရက်ကန်းလုပ်ငန်းလုပ်ကိုင်သူ ဦးထွန်းထွန်းနိုင်သည် လွန်ခဲ့သော ၁၅ နှစ်ခန့်ကရွှေဘိုမြို့ ဆိပ်ခွန်ရွာမှ မြစ်ကြီးနားသို့ ပြောင်းရွှေ့အခြေချလုပ်ကိုင်ခဲ့ပြီး လက်ရှိအချိန် တွင် စက်ရက်ကန်းစင် ၁၀၀ ၊ လက်ရက်ကန်းစင် ၅၀ တပ်ဆင်ထားပြီးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ အထည်များထုတ်လုပ်မှုလုပ်ငန်းတွင်လိုအပ်သော ကုန်ကြမ်းများဖြစ်သည့် ချည်များ၊ ဆေးများကို မန္တလေးမှတစ်ဆင့် မှာယူရကြောင်း၊ ကုန်ကြမ်းမှကုန်ချောဖြစ်အောင် ထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်ကို မြစ်ကြီးနားမြို့တွင်သာ ပြုလုပ်ကြောင်းသိရသည်။ ထူးခြားမှုအနေဖြင့် ချည်ထည်များကို လိုအပ်သော ဆေးအရောင်ဆိုးရာတွင် အသုံးပြုသည့် မြစ်ကြီးနားမြို့မှရေမှာ အထည်များ၏ အရည်အသွေးကို မြှင့်တင်ရာတွင် များစွာအထောက်အကူပြုကြောင်း ဦးထွန်းထွန်းနိုင်၏ ပြောပြချက်အရ သိရသည်။

အခက်အခဲများ

ရက်ကန်းလုပ်ငန်းတွင် ရက်ကန်းလုပ်သားရှားပါးမှုသည် အဓိကအခက်အခဲဖြစ်ကြောင်း၊ လက်ရက်ကန်းအတွက် လျှပ်စစ်မီးမလိုအပ်သော်လည်း စက်ရက်ကန်းအတွက် လျှပ်စစ်မီးသည် အဓိကကျသဖြင့် စက်သုံးဆီနှင့်လုပ်ငန်းလည်ပတ်ချိန်တွင် ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက်မှု ကြုံတွေ့ရကြောင်း၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများသည် သုံးစွဲသူပြည်သူများ၏ ဝယ်လိုအားကိုရယူ၍ ဆောင်ရွက်ရသော လုပ်ငန်းဖြစ်သည်နှင့်အညီ ထုတ်လုပ်မှုကုန်ကျ စရိတ်လျှော့ချနိုင်မှသာ မိမိတို့ကုန်ပစ္စည်းများ ဈေးကွက်တွင် ရောင်းပန်းလှနိုင်ပြီး ပိုမိုတိုးတက်နိုင်ကြောင်းလည်း ၎င်းကဆက်လက်ဆွေးနွေး ပြောကြားသည်။

အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းတိုးတက်ကာ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူဖြစ်သည့်အတွက် ရက်ကန်းလုပ်ငန်းသည်လည်း ဒေသခံပြည်သူများ၏ အလုပ်အကိုင်တိုးပွားရရှိစေပြီး လူမှုစီးပွားဘဝကို တစ်ဖက်တစ်လမ်းမှ မြှင့်တင်ပေးလျက်ရှိသည်။

အဆိုပါ အထည်ထုတ်လုပ်မှုလုပ်ငန်းတွင် ကချင်ပုဆိုး၊ ကချင်လုံချည်၊ ဂျပ်ခုတ်အပွင့်ဖောက်များကို အများဆုံးထုတ်လုပ်ပြီး ချည်အသုံးပြုမှုအနေဖြင့် (၂ x ၈၀)တိုင်၊ (၂ x ၁၀၀)ဖောက် ချည်ချောများဖြင့် အများဆုံးရက်လုပ်ကြောင်း၊ ထိုကဲ့သို့ချည်ထည်များထုတ်လုပ်ရာတွင် မှာယူသည့်အရေ အတွက်များကို စိတ်တိုင်းကျထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

အလုပ်အကိုင်များ ဖန်တီးပေးနေ

ရိုးရာရက်ကန်းလုပ်ငန်းများတွင် ဒေသနေလုပ်သားများအပြင် အခြားဒေသများမှ ရက်ကန်းလုပ်သားများလည်း မိသားစုလိုက် လာရောက်လုပ်ကိုင်နေသည့်အတွက် အလုပ်အကိုင်အခွင့် အလမ်းများလည်း ရရှိစေလျက်ရှိသည်။ ရက်ကန်းလုပ်ငန်းမှ လုပ်သားများ၏ လစဉ်ဝင်ငွေသည် အနိမ့်ဆုံးငွေကျပ်နှစ်သိန်းမှ အမြင့်ဆုံးငွေကျပ် လေးသိန်းအထိ ရရှိကြောင်း၊ စက်ရုံအနေဖြင့် တစ်နှစ်လျှင် ချည်ထည်ကွင်းအရေအတွက် ၁၆၂၀၀၀ အထိ ထုတ်လုပ်နိုင်ကြောင်းလည်း သိရသည်။ လုပ်ငန်းလည်ပတ်နေမှုကြောင့် တစ်နှစ်လျှင် လုပ်သားဦးရေ ၂၁၆၀၀ ကျော်အထိကို အလုပ်အကိုင်များ ဖန်တီးပေးနိုင်ကြောင်းသိရသည်။ ထို့ပြင် အထည်ထုတ်လုပ်မှုလုပ်ငန်းတည်ရှိရာ အနီးပတ်ဝန်းကျင်မှ ဒေသခံပြည်သူများအား ချည်ချခြင်း၊ ရက်ဖောက်လုပ်ငန်းလုပ်ကိုင်ခြင်း၊ ရဟတ်လုံးများ ဆောင်ရွက်ခြင်းတို့ကို ပုတ်ပြတ်စနစ် လုပ်ကိုင်စေခြင်းဖြင့် မိသားစုတစ်ပိုင်တစ်နိုင် အပိုဝင်ငွေရအောင် ဖန်တီးပေးနိုင်ကြောင်းလည်း သိရသည်။

ဒေသတွင်းကျွမ်းကျင်လုပ်သားများလိုအပ်ချက် ပြည့်မီအောင်လေ့ကျင့်ပျိုးထောင်ခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရက်ကန်းပညာကို သင်ယူလိုသူများအတွက် သင်ကြားပေးခြင်းများလည်း လုပ်ဆောင်လျက်ရှိပြီး ကျွမ်းကျင်တတ်မြောက်ပါက မိမိလုပ်ငန်းတွင်သာမက အခြားလုပ်ငန်းများတွင်ပါ လုပ်ကိုင်နိုင် အောင် ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်မည့် သူများကိုဈေးကွက်တွင် သုံးစွဲသူနှစ်သက်မည့် ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်ပေးလျက်ရှိခြင်း၊ လုပ်ငန်းတူအချင်းချင်းလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးခြင်း၊ ဒေသဖွံ့ဖြိုးရေးတွင် ပါဝင်ဆောင်ရွက်ခြင်းတို့ကြောင့် ပြည်နယ်အတွင်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြုသည့် လုပ်ငန်းဖြစ်၍ များစွာဂုဏ်ယူမိပါကြောင်း ဦးထွန်းထွန်းနိုင်က ဆက်လက်ပြောကြားသည်။

ရိုးရာရက်ကန်းလုပ်ငန်းများမှ အရည်အသွေးမြင့်မားသည့်အထည်များ ထုတ်လုပ်နိုင်ရန် နည်းပညာသင်တန်းများပေးခြင်း၊ ကုန်ကြမ်းများကို အစုအဖွဲ့ဖြင့် တင်သွင်းနိုင်ရေး၊ နည်းပညာများ၊ စက်ပစ္စည်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန် ချိတ်ဆက်ပေးခြင်း၊ လုပ်ငန်းတူအချင်းချင်း ဒေသအသီးသီးတွင် လေ့လာရေးများ သွားရောက်နိုင်ရေး ချိတ်ဆက်ပေးခြင်းတို့ဆောင်ရွက်နိုင်ပါက ပြည်ပဈေးကွက်သို့ ပိုမိုထိုးဖောက်နိုင်မည်ဖြစ်သည့်အတွက်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးကို သက်ဆိုင်ရာတာဝန်ရှိသူများကလည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။