Skip to main content

မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုးများ၌ The Pagoda Digital Directory ပြုလုပ်ထားရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် စက်တင်ဘာ ၅

မြန်မာနိုင်ငံရှိတန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုးများ၌ The Pagoda Digital Directory ပြုလုပ်ထားရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) အမျိုးသားပြတိုက် နေပြည်တော်၌ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဘုရားစေတီဂေါပကအဖွဲ့ဝင်များ၊ IT ပညာရှင်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ကြိုးပမ်းဆောင်ရွက်

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်၊ မန္တလေးမြို့ မဟာမြတ်မုနိဘုရား၊ မွန်ပြည်နယ်ကျိုက်ထိုမြို့ ကျိုက်ထီးရိုးစေတီတော်၊ ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော်၊ အာနန္ဒာဘုရား၊ နေပြည်တော်ဥပ္ပါတသန္တိစေတီတော်၊ မကွေးမြို့ မြသလွန်ဘုရား၊ ပြည်ရွှေဆံတော်ဘုရား၊ ရခိုင်ပြည်နယ်မြောက်ဦးမြို့ သျှစ်သောင်းဘုရားတို့၏ ဂေါပကအဖွဲ့များအနေဖြင့် သက်ဆိုင်ရာဘုရားများ၏ သတင်းအချက်အလက်အကြောင်းအရာများ၊ ဘုရားသမိုင်းများနှင့်ပတ်သက်၍ Digitalize ပြုလုပ်ရေး၊ Touch Screen များအသုံးပြု၍ အများပြည်သူ အလွယ်တကူသိရှိအောင် ခေတ်မီနည်းပညာများ အသုံးပြုရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန လက်အောက်ရှိ ပြတိုက်များတွင် ပြသပစ္စည်းများအား Digital စနစ်ဖြင့် ပြသနိုင်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြတိုက်များနှင့် ရှေးဟောင်းနေရာများအား ဦးစီးဌာန Website မှ တစ်ဆင့် တစ်နေရာတည်းတွင် လေ့လာနိုင်ရေး၊ ရှားပါးပစ္စည်း များအား 3D ရိုက်ကူး၍ အသေးစိတ်ကြည့်ရှုနိုင်ရေးနှင့် Virtual Tour စနစ်ဖြင့် ပြတိုက်များကိုလေ့လာနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။

ဘုရားစေတီ ပုထိုးများနှင့် သာသနာရေးဆိုင်ရာပြတိုက်များတွင်လည်း The Pagoda Digital Directory ပြုလုပ်ထားရှိ ပြသနိုင်ရေးအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဆောင်ရွက်ထားရှိမှုများကိုလေ့လာပြီး မိမိတို့ဘုရား စေတီပြတိုက်များတွင် ဌာနနည်းတူ သို့မဟုတ် ပိုမိုကောင်းမွန်သည့် The Pagoda Digital Directory ကို ဖန်တီးပြီး မိမိတို့ နိုင်ငံ၏ယဉ်ကျေးမှုအမွေအနှစ်များကို နိုင်ငံတကာအဆင့်မီ Digital ခေတ်မီနည်းစနစ်များဖြင့် ပြသနိုင်ခြင်းဖြင့် ပြည်သူလူထုနှင့် ကမ္ဘာလှည့်ခရီးသွားများ မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ သတင်းအချက်အလက်များ ပိုမိုပြည့်စုံစွာ အလွယ်တကူရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆွေးနွေး

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက The Pagoda Digital Directory အကောင်ထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာစေတီ၏ တည်နေရာပြမြေပုံ၊ ဘုရားသမိုင်း၊ သက်ဆိုင်ရာမြို့ သမိုင်း၊ Tourism လမ်းကြောင်းပြ မြေပုံ၊ သက်ဆိုင်ရာဘုရား၊ စေတီပရိဝုဏ်အတွင်း သွားရောက်ဖူးမြော် ကြည်ညိုလေ့လာရမည့်နေရာများ၊ နေရာတစ်ခုချင်းစီ၏အကြောင်းအရာ ရှင်းလင်းချက် များ၊ မြန်မာမှုအနုလက်ရာ ပန်းဆယ်မျိုးတို့ဖြင့် ထုံမွမ်းတည်ဆောက် လှူဒါန်းပူဇော်ကိုးကွယ်ခဲ့မှုများကို ကြည်ညိုသဒ္ဓါပွားများ ဂုဏ်တက်စေမည့်ပြကွက်များ၊ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် ဗုဒ္ဓသာသနာတော်အရှည်ခန့်၍ တည်တံ့အောင် ခေတ်အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်မှုများအပေါ် အမျိုးဂုဏ်၊ ဇာတိဂုဏ်ဖြစ်ပေါ်စေသည့် ပြကွက်များ ပြည့်စုံစွာပါဝင်နိုင်ရေးတို့အတွက် ဘုရား၊ စေတီများမှဂေါပကများ၊ ကျွမ်းကျင်သူများ၊ ယခင်တာဝန်ယူဆောင်ရွက်ခဲ့ဖူးသော ပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာမြို့များရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ကျွမ်းကျင်သူများ၊ IT ပညာရှင်များဖြင့် စနစ်တကျဖွဲ့စည်းသွားရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။

ထို့နောက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က The Pagoda Digital Directory နှင့် ပတ်သက်၍ သရေခေတ္တရာနယ်မြေ နှင့် အမျိုးသားပြတိုက် (နေပြည်တော်)တို့တွင် လက်ရှိဆောင်ရွက် လျက်ရှိသော Digital Directory ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးအေးထွန်းက တက်ရောက်လာကြသည့် ဘုရား၊ စေတီဂေါပကအဖွဲ့များအနေဖြင့် The Pagoda Digital Directory နှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် ရွှေတိဂုံစေတီတော်တွင် ပြုလုပ်ထားမှုကို နမူနာရယူဆောင်ရွက်နိုင်ပါကြောင်း၊ လုပ်ငန်းပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်ကြစေလိုပါကြောင်း ဆွေးနွေးသည်။

ဆက်လက်၍ သက်ဆိုင်ရာ ဘုရားဂေါပကအဖွဲ့များက ဆွေးနွေးကြပြီး ပြည်ရွှေဆံတော်ဂေါပကအဖွဲ့က ပြည်မြို့ ကွန်ပျူတာတက္ကသိုလ်မှ လှူဒါန်းထားသော Digital Information System ဆောင်ရွက်မှုကို တင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က နိဂုံးချုပ် အမှာစကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အတိုင်း The Pagoda Digital Directory ပြုလုပ်ထားရှိနိုင်ရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့၏ အကြံပြုချက်များနှင့်အတူ တက်ရောက်လာကြသော ဘုရား၊ စေတီဂေါပကအဖွဲ့ဝင်များ၊ ITပညာရှင်များနှင့် ဆက်လက် ဆွေးနွေခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်