နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်တွင် ဩဂုတ် ၂၉ ရက်မှ ၃၁ ရက်အထိ ကျင်းပခဲ့သည်။ သုံးရက်တာ ဆွေးနွေးညှိနှိုင်းမှုများအပြီးတွင် အပြီးသတ်ရရှိလာသည့် သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ခဲ့ကြသည်၊၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) သည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးတွင် လက်နက်ကိုင်ပဋိပက္ခများကိုရှောင်ရှားပြီး နိုင်ငံရေးဆွေးနွေးပွဲများကျင်းပကာ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် တစ်ခုတည်းသောလမ်းကြောင်းဖြစ်သည့်အတွက် မည်သည့်အစိုးရ တာဝန်ယူထားသည်ဖြစ်စေ ရှင်သန်နေရန်လိုအပ်သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် အစိုးရလွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၈) ဖွဲ့တို့က နိုင်ငံတကာအသိသက်သေများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂတို့မှ သံတမန်များ၊ ပြည်တွင်းအသိသက်သေများရှေ့မှောက်တွင် ခမ်းနားထည်ဝါစွာ လက်မှတ်ရေးထိုးခဲ့ကြသည့်အပြင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသည့် သမိုင်းဝင်စာချုပ်တစ်ခုဖြစ်သည်။ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှစ်ဖွဲ့ ထပ်မံပါဝင်လက်မှတ်ရေးထိုးခဲ့သဖြင့် NCA တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၇) ဖွဲ့၊ NCA လက်မှတ်မရေးထိုးထားရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၃) ဖွဲ့နှင့် နိုင်ငံရေးပါတီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ် ခိုင်မာစေရေးအတွက် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မည်၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လိုလားချက်ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်မည်၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်း အကောင်အထည်ဖော်မည်” ဆိုသည့် အချက်များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်နိုင်ရေးအတွက် ပုဒ်မများမှ ၂၁ ချက်တို့ကို သဘောတူညီခဲ့ကြရာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် ရှေ့သို့ဆက်လက်သွားလျက်ရှိပြီး ဖြစ်ပေါ်တိုးတက်မှုများလည်း ရရှိနေခြင်းပင်ဖြစ်သည်။
“ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ဆောင်ရွက်ရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် တိုင်းပြည်အပေါ်တွင် စိတ်ကောင်းစေတနာကောင်းထားရန်လိုကြောင်း၊ နိုင်ငံရေးမျှော်မှန်းချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများတွင် တိုင်းရင်းသားပြည်သူအားလုံး ပူးပေါင်းပါဝင်ကြရန်လိုအပ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး (၃/၂၀၂၃) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာကောင်းများနှင့် အရင်းအမြစ်များစွာတို့ကို ပိုင်ဆိုင်ထားပါလျက် ဆင်းရဲနွမ်းပါးမှုနှင့် ခေတ်နောက်ကျမှုအခြေအနေများမှ ရုန်းမထွက်နိုင်ရခြင်းမှာ အခြေခံအကျဆုံးလိုအပ်ချက်ဖြစ်သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို မတည်ဆောက်နိုင်သေးခြင်းက အဓိကအကြောင်းရင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) နှင့်အညီ တွေ့ဆုံဆွေးနွေးခြင်းများမှ တစ်ဆင့်ပြီးတစ်ဆင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး လိုလားသည့် ငြိမ်းချမ်းသာယာဝပြောသော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ် အခြေခံသော ပြည်ထောင်စုနိုင်ငံတော်ကြီးကို မျက်မှောက်ပြုနိုင်ကြမည်ဟု ယုံကြည်ပါကြောင်း။ ။