Skip to main content

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် ဦးစီးပြီး ဌာနဆိုင်ရာများပါဝင်သည့်အဖွဲ့ ပျဉ်းမနားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆက်လက်ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဩဂုတ် ၂၉

နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရန် ဂမုန်းတောင်ကျေးရွာ၌ရောက်ရှိနေသည့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် ဦးစီးပြီးဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့က မဲပေါက်ကျေးရွာအုပ်စုအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ပျဉ်းမနားမြို့နယ် မဲပေါက်ကျေးရွာအုပ်စု ဂမုန်းတောင်ကျေးရွာရှိ ဂမုန်းတောင်ရွာဦးကျောင်း၌ ကျင်းပသည်။

ဦးစွာ မဲပေါက်အုပ်စု သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဂမုန်းတောင်ရွာဦးကျောင်းဆရာတော် ဘဒ္ဒန္တကုမာရထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်နှင့် ဦးကျော်သိန်းဆိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ဘဒ္ဒန္တကုမာရထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် ဦးဆောင်၍ ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မဲပေါက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ဒေသခံဌာနဆိုင်ရာ ဝန်ထမ်းများကို ဂမုန်းတောင်ရွာဦးကျောင်း၌ တွေ့ဆုံပြီး ဗိုလ်မှူးကြီး မင်းနောင်က ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် မိမိတို့ကျေးရွာအတွင်း ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို ဆွေးနွေးတင်ပြကြစေလိုကြောင်း၊ ထိုသို့ဆွေးနွေးတင်ပြမှသာ မိမိတို့ဘက်မှဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များကို ယခုနှစ်ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး ယခုဆောင်ရွက်မပေးနိုင်သည့် ကိစ္စရပ်များကို လာမည့်ဘဏ္ဍာရေးနှစ်တွင်ထည့်သွင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ပေးနိုင်ရန်အတွက်လည်း အစိုးရ၊ တပ်မတော်နှင့် ပြည်သူများ တစ်သားတည်းရှိရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မဲပေါက်ကျေးရွာအုပ်စုအတွင်းရှိ မဲပေါက်၊ ဂမုန်းတောင်၊ ပင်ရဲ၊ မြေမြိုနှင့် ရစ်ထွေကျေးရွာများမှ အိမ်ထောင်စု ၄၀၃ စု၊ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအတွက် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ကျောင်းသုံးစာရေးကိရိယာများ၊ ဆေးစိမ်ခြင်ထောင်များ၊ တိရစ္ဆာန်ကုသရေးဆေးဝါးပစ္စည်းများနှင့် ကလေးကစားစရာတို့ကို ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများက လက်ခံရယူကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးကျော်သိန်းဆိုင်နှင့် တာဝန်ရှိသူတစ်ဦးက ဂမုန်းတောင်ကျေးရွာရှိ ကျေးရွာသူ ကျေးရွာသားများနှင့် ကျောင်းသား ကျောင်းသူများအား ပန်းခင်းစီမံချက်(၂) ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်း ၃၈ ခုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၅၀ တို့ကို ပေးအပ်ရာ ဂမုန်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတစ်ဦးက လက်ခံရယူကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်သည် ပျဉ်းမနားမြို့နယ် မဲပေါက် ပညာရေးအုပ်စုရှိ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများ၊ ဂမုန်းတောင် ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများမှ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကိုလည်းကောင်း၊ ဂမုန်းတောင်နှင့် မြေမြို ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေများ၊ ဖုန်းငွေဖြည့်ကတ်များနှင့် စားသုံးကုန်ပစ္စည်းများကိုလည်းကောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ အတွက် ဖုန်းငွေဖြည့်ကတ်များကိုလည်းကောင်း ပေးအပ်သည်။

ဆက်လက်၍ ဂမုန်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်က နိဂုံးချုပ်အမှာစကားပြောကြားသည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်သည် နေပြည်တော်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့နယ် တောင်ပေါ်ဒေသကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများအား ဂမုန်းတောင် အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌တွေ့ဆုံ၍ အမှာစကားပြောကြားပြီး အခြေခံပညာကျောင်းများမှ ကျောင်းသူ ကျောင်းသားများအတွက် ဗလာစာအုပ်နှင့် ခဲတံတို့ကိုလည်းကောင်း၊ ဆရာ ဆရာမများအတွက် ဖုန်းငွေဖြည့်ကတ်များကိုလည်းကောင်း ထောက်ပံ့ပေးအပ်သည်။

ထို့နောက် နေပြည်တော် ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မဲပေါက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ရပ်မိရပ်ဖများကို ဂမုန်းတောင်ကျေးရွာရှိ ဂမုန်းတောင်ရွာဦးကျောင်း၌တွေ့ဆုံ၍ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ကို ရှင်းလင်းပြောကြားပြီး ဒေသတည်ငြိမ်အေးချမ်းရေးအတွက် အဖျက်သမားများရန်မှ စုပေါင်းကာကွယ်ရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားသည်။

ညနေပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဂမုန်းတောင်ကျေးလက်ကျန်းမာရေးဌာန၌ သံဃာတော်များ၊ သီလရှင်များနှင့် ကျေးလက်နေ ပြည်သူများအားအခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးသည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် ဦးဆောင်၍ ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့က မဲပေါက်ကျေးရွာအုပ်စုအတွင်းရှိ ဘုန်းတော်ကြီးကျောင်း ရှစ်ကျောင်းအတွက် လှူဒါန်းသည့် နဝကမ္မအလှူငွေအပါအဝင် ဝါဆိုသင်္ကန်းနှင့် ဆန်၊ ဆီလှူဖွယ်ပစ္စည်းများ၊ အိမ်ထောင် စု ၄၀၃ စု၊ အခြေခံပညာကျောင်းများ၊ ဒေသခံဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများအပါအဝင် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ကျောင်းသုံး စာရေးကိရိယာများ၊ ဆေးစိမ်ခြင်ထောင်များ၊ တိရစ္ဆာန်ကုသရေး ဆေးဝါးပစ္စည်းများနှင့် ကလေး ကစားစရာများ၊ ဖုန်းငွေဖြည့်ကတ်များနှင့် မျိုးစေ့ထုပ်များ၏ စုစုပေါင်းတန်ဖိုးမှာ ငွေကျပ် ၁၈၁၇၆၄၀၀ရှိကြောင်း သိရသည်။

သတင်းစဉ်