Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ယူနန်ပြည်နယ်ရှိ ဆိုလာဆဲလ်ထုတ်လုပ်မှုနှင့် သံမဏိစက်ရုံတို့ကို ကြည့်ရှုလေ့လာ

ကူမင်း ဩဂုတ် ၂၁

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်အဖွဲ့သည် ဩဂုတ် ၂၀ ရက် မွန်းလွဲ ပိုင်းတွင် ယူနန်ပြည်နယ် Qujing Jingkai ခရိုင် Nanhai စက်မှုဇုန်ရှိ Yunnan Runyang century Phobovoltaic Technology ကုမ္ပဏီလီမိတက်မှ တည်ထောင်လျက်ရှိသည့် စွမ်းဆောင်ရည်မြှင့် ဆိုလာဆဲလ်ထုတ်လုပ်မှုလုပ်ငန်းခွင်ကို သွားရောက်လေ့လာသည်။

ဧရိယာအကျယ် 468 mm ရှိပြီး ဆောက်လုပ်ရေးဧရိယာ ၂၁၀၀၀၀ စတုရန်းမီတာရှိသည့် စီမံကိန်းကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်တည်ဆောက် ခဲ့ပြီး စက်ရုံ ၃၆ ရုံ ပါရှိမည်ဖြစ်ရာ တစ်ရုံလျှင် 550 Mega Watt ထုတ်လွှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ယခုအခါ သုံးရုံပြီးစီးပြီဖြစ်ပြီး ပထမအဆင့်ထုတ်လွှတ်မှုပိုင်းကို ဇူလိုင် ၁ ရက်တွင် စတင်နိုင်ခဲ့ကြောင်း သိရသည်။

ဝန်ထမ်းပေါင်း ၁၀၀၀၀ ကျော်ဖြင့် လုပ်ဆောင်လျက်ရှိ

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Chenggang Group ၏ လူသိများသော Yun-nan Qujing Chenggang Iron and Steel (Group) Co.Lt ၏ သံမဏိစက်ရုံသို့ သွားရောက်လေ့လာသည်။ ယင်းစက်ရုံကို ၂၀၀၄ ခုနှစ်က စတင်ထူထောင်ခဲ့ပြီး သံနှင့်သံမဏိပြုလုပ်ခြင်း၊ ကျောက်မီးသွေးတူးဖော်ခြင်း၊ စွမ်းအင်အရင်းအမြစ်များ ပြန်လည်အသုံးပြုခြင်း စသည့်လုပ်ငန်းကြီးများ လုပ်ဆောင်သည့် အုပ်စုအဖြစ်ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ယခုအခါ လုပ်ငန်းခွဲပေါင်း ၁၆ ခုကို ဝန်ထမ်းပေါင်း ၁၀၀၀၀ ကျော်ဖြင့် လုပ်ဆောင်လျက်ရှိသည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး ရေအားလျှပ်စစ်စက်ရုံ

ယူနန်ပြည်နယ်ရှိ ထိပ်တန်းလုပ်ငန်း ၁၀၀ တွင် ၁၀ နှစ် ဆက်တိုက် ရှေ့တန်းတွင် ရပ်တည်လျက်ရှိပြီး အရည်အသွေးကောင်းမွန်မှုကြောင့် Chenggang အမှတ်တံဆိပ် ထုတ်ကုန်များကို ကမ္ဘာ့ဒုတိယအကြီးဆုံး ရေအားလျှပ်စစ်စက်ရုံဖြစ်သည့် Baihe-tam ရေအားလျှပ်စစ်စခန်း၏ ၂၈၉ မီတာမြင့်သော ပင်မဆည် Changshui အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ရှန်ဟိုင်း-ကူမင်းရထား၊ Xikum မြန်နှုန်းမြင့် မီးရထားတို့ အပါအဝင် အဓိကစီမံကိန်းကြီးများတွင် အသုံးပြုလျက်ရှိကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးအား China International Cooperation Association of SMES Executive Director Global Business, CEO ဖြစ်သူ Mr . Yi Homs နှင့် အဖွဲ့သည် တည်းခိုရာကူမင်းမြို့ရှိ Wanda Realm ဟိုတယ်၌ လာရောက်တွေ့ဆုံပြီး တရုတ်-အရှေ့တောင်အာရှ၊ တောင်အာရှ ဒစ်ဂျစ်တယ်စီးပွားရေးကို e – commerce ဖြင့် အကောင်အထည်ဖော်ဆောင်နေမှုများကို ရှင်းလင်းတင်ပြသည်။

လက်ရှိတွင် အဆိုပါ Web Portal ၌ မဲခေါင် - လန်ချန်း အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသော တရုတ်၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားတို့အပြင် ဂျပန်၊ အင်္ဂလန်၊ အိန္ဒိယနှင့် ကိုရီးယားနိုင်ငံ စုစုပေါင်း ၁၀ နိုင်ငံမှ စီးပွားရေး၊ ယဉ်ကျေးမှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ ကူးသန်းရောင်းဝယ်မှုစသည်တို့ကို သတင်းအချက်အလက်များ ရယူဖြန့်ဖြူးပြီး ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဖွဲ့၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။

ထို့နောက် ၁၉၉၄ ခုနှစ်က စတင်တည်ထောင်ခဲ့သည့် RUIHEJC ကုမ္ပဏီကို ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုပြီးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းကုမ္ပဏီသည် Online ကုန်စည်ပို့ဆောင်မှုလမ်းကြောင်းများကို အခြေတည်ပြီး သတင်းအချက်အလက်နှင့် နည်းပညာကိုပံ့ပိုးပေးခြင်းဖြင့် ပို့ဆောင်မှုစနစ်ကို တည်ဆောက်လုပ်ကိုင်လျက်ရှိသည်။

နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးနှင့်အဝေးပြေးလမ်းမကြီး၊ မီးရထားနှင့်ပင်လယ်ရေကြောင်းများ အပါအဝင်နှစ်လမ်းသွား ပို့ဆောင်နိုင်မှုကို လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။

ယင်းကုမ္ပဏီသည် တောင်အာရှနှင့် အရှေ့တောင်အာရှတွင် အဓိကအချက်အချာ နေရာတစ်ခုဖြစ်သည့် ယူနန်ပြည်နယ်တွင် အခြေပြု၍ တရုတ်ပြည်သို့ ဖြန့်ကြက်လုပ်ဆောင်နေမှုများအပြင် မြန်မာနိုင်ငံနှင့် ချိတ်ဆက်ကာ အိန္ဒိယသမုဒ္ဒရာကို အသုံးပြုခြင်းဖြင့် ကုန်းကြောင်း၊ ရေကြောင်းလမ်းသစ်များဖွင့်လှစ်ပြီး “လမ်းဆုံတစ်ခု၊ သမုဒ္ဒရာနှစ်စင်း” မျှော်မှန်းချက်ထားရှိကာ အကောင်အထည်ဖော်ရန် ရည်မှန်းလုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်