Skip to main content

တနင်္သာရီတိုင်းဒေသကြီး၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) ပေးအပ်ပွဲ အခမ်းအနား ပုလောမြို့၌ ကျင်းပ

ပုလော    သြဂုတ်လ    ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ (၇) ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၃) နာရီက ပုလောမြို့၊ မကျည်းကုန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၀င် ၀န်ကြီးချုပ် ဦးမြင့်မောင်က တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးလုပ်ကိုင်လျက်ရှိသော တောင်သူလယ်သမားများအား ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ ၂၀၂၀ ခုနှစ်လယ်ယာမြေဥပဒေကို ပြင်ဆင်သည့်ဥပဒေများအရ သီးနှံစိုက်ပျိုးလုပ်ကိုင်လျက်ရှိသော တောင်သူများ၏ ဥပဒေပါ အခွင့် အရေးများဖြစ်သည့် ယခင်က မရရှိခဲ့သည့်လယ်ယာမြေအား ရောင်း၀ယ်ခြင်း၊ ပေါင်းနှံခြင်း၊ ငှားရမ်းခြင်း၊ ပေးကမ်းခြင်းနှင့် အမွေဆက်ခံခြင်း စသောအခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တို့မှ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်သူလယ်သမားတို့၏ သီးနှံစိုက်ပျိုးလုပ်ကိုင်လျက်ရှိသော ဧရိယာများအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ဆက်လက် ထုတ်ပေးနိုင်ရေးနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများပေါ်တွင် စိုက်ပျိုးလုပ်ကိုင်သော တောင်သူများကိုလည်း ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများဥပဒေများကို ပြင်ဆင်သည့် ဥပဒေ ၂၀၁၈ အရ တရား၀င်လုပ်ပိုင်ခွင့်ရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်သူလယ်သမားများ၏ ဥပဒေပါ အခွင့်အရေးများရရှိရေး၊ အကျိုးခံစားခွင့်ရရှိစေရေး လူနေမှုဘ၀မြှင့်တင်ရေးနှင့် တောင်သူလယ်သမားတို့၏ အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ဒူးရင်းပင်ရှောင်ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ စောဟန်ကျော်က ကျေးလက်နေပြည်သူ များ၏ လိုအပ်ချက်များအား အဖက်ဖက်မှ ဖြည့်ဆည်းပေးပါသော နိုင်ငံတော်အစိုးရနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့တို့အား ကျေးဇူးအထူးတင်ရှိပါကြောင်း  ပြောကြားခဲ့ပြီး၊ မလိကျေးရွာအုပ်စုမှ တောင်သူ (၆၀) ဦးနှင့် ဒူးရင်းပင်ရှောင်ကျေးရွာအုပ်စုရှိ တောင်သူ (၁၈) ဦး၊ စုစုပေါင်း တောင်သူ (၇၈) ဦးအား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၀င် ၀န်ကြီးချုပ် ဦးမြင့်မောင်နှင့် တာ၀န်ရှိသူများက လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇)ကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အေးအေးမော် (ပုလော ပြန်/ဆက်)