Skip to main content

ရေကြီးရေလျှံဘေးအန္တရာယ် ကြိုတင်စီမံပြင်ဆင်မှုဖြင့် ကာကွယ်

ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်း၊ သဘာဝပတ်ဝန်းကျင်များ ပျက်စီးယိုယွင်းခြင်းနှင့် မြေမျက်နှာသွင်ပြင်အနေအထားတို့အရ မိမိတို့နိုင်ငံသည် သဘာဝဘေးအန္တရာယ်ခံရနိုင်ခြေ မြင့်မားသည့် နိုင်ငံများတွင် ပါဝင်နေသည်။ မုန်တိုင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် နှစ်စဉ်ဆိုသလို ရေကြီးရေလျှံမှုများနှင့် မြေပြိုတောင်ပြိုမှုများကို ကြုံတွေ့နေရာ ဇွန်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလများအတွင်း မြန်မာနိုင်ငံဒေသအများအပြားတွင် အဆိုပါသဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လေ့ရှိသည်ကို တွေ့ရသည်။

မုန်တိုင်းတိုက်ခတ်ခြင်းနှင့် ရေကြီးရေလျှံရေလွှမ်းမိုးခြင်းတို့သည် သာမန်အားဖြင့် ပုံမှန်ရာသီအတွင်း ဖြစ်ပေါ်လေ့ရှိပြီး ကြိုတင်ခန့်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်များဖြစ်သည်။ ရာသီဥတုပြောင်းလဲလာမှုကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုများ နှစ်စဉ်အကြိမ်ရေအားဖြင့် ပိုမိုဖြစ်ပွားလာသကဲ့သို့ ပိုမို၍လည်း ဆိုးရွားပြင်းထန်လာနိုင်သည့် အခြေအနေတို့ကိုလည်း ကြိုတင်တွက်ဆထားကြရမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ် ကျရောက်လာသည့်အခါတွင် ဖြစ်ပေါ်နိုင်သည့် ပျက်စီးဆုံးရှုံးမှုများ လျော့နိုင်သမျှ လျော့ပါးရေးအတွက် ကြိုတင်ပြင်ဆင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးအပါအဝင် အရေးပေါ်တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးတို့ကို ထိထိရောက်ရောက်၊ လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာ အဆင့်အထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့တို့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတွင် ကြိုတင်စီစဉ်ဆောင်ရွက်မှုများအနက် နိုင်ငံတော်အဆင့်မှ ရပ်/ကျေးအဆင့်အထိ အဆင့်တိုင်းတွင် ဘေးကင်းလုံခြုံ၍ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော အလေ့အထ စွဲမြဲလာစေရန် အသိပညာ၊ အတတ်ပညာနှင့်တီထွင်ကြံဆမှုတို့ကို အသုံးချ၍ ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများတွင် သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ အစီအမံများ တစ်ပါတည်းထည့်သွင်းဆောင်ရွက်ခြင်း၊ နိုင်ငံတော်အဆင့်မှ ရပ်/ကျေးအဆင့်အထိ အဆင့်တိုင်းတွင် သဘာဝဘေးအန္တရာယ်ကို ထိရောက်စွာ ရင်ဆိုင်ဖြေရှင်းနိုင် ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ခိုင်မာစွာတည်ဆောက်ခြင်းစသည့် လုပ်ငန်းများလည်းပါဝင်ရာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်နှင့်အမျှ သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများလည်း များစွာလျော့နည်းသွားမည်ဖြစ်သည်။

ရေကြီးရေလျှံမှုဖြစ်စဉ်များကို ပြန်ကြည့်မည်ဆိုပါက ၂၀၁၅ ခုနှစ်တွင် စံချိန်တင်ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးနှင့် ကယား ပြည်နယ်တို့မှလွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုတို့ တွင် ဆိုးဆိုးရွားရွားခံစားခဲ့ကြရသည်။ လူ ၁၀၀ ကျော် သေဆုံးပြီး လူဦးရေ ၁ ဒသမ ၆ သန်းကျော် ရေဘေးဒုက္ခကြုံတွေ့ရသည်။ လယ်မြေဧက ၁၄ သိန်းကျော် ရေနစ်မြုပ်ခဲ့ရာတွင် ထက်ဝက်မက လုံးဝပျက်စီးသွားခဲ့ပြီး နိုင်ငံတစ်ဝန်း ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၆၅ ဘီလီယံအထိ ရှိခဲ့သည်။ နှစ်စဉ်လိုလို ကြုံတွေ့ရသည့် ရေဘေးကြောင့် လမ်းတံတားများ၊ လယ်ယာမြေများ၊ လူနေအိမ်ခြေယာခြေများအပါအဝင် ထိခိုက်ဆုံးရှုံးရသည့်ပမာဏမှာ လွန်စွာကြီးမားသည့်အလျောက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်နှေးစေသည်။ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ပြီး ရှေ့သို့တက်လှမ်းရမည့်အစား ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးတို့ကို မဖြစ်မနေ ဆောင်ရွက်ရခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှုတို့ တန့်သွားရသည်။

ရေကြီးရေလျှံမှုများကို ကြံ့ကြံ့ခံနိုင်ရန်အတွက် မြို့ရွာများတွင် ရေဘေးကာကွယ်ရေး တာတမံများ တည်ဆောက်ခြင်း၊ ခိုင်ခံ့အောင် မြှင့်တင်ခြင်း၊ မြို့ရွာအတွင်း ရေစီးရေလာကောင်းအောင် ဆောင်ရွက်ခြင်း၊ ရေလွတ်နိုင်သည့် ခြေတံရှည်အိမ်အမြင့်များ တည်ဆောက်ခြင်း၊ လမ်းတံတားများတည်ဆောက်ရာတွင် သဘာဝဘေးအန္တရာယ် လျော့ပါးရေးကိုပါ ထည့်သွင်းတွက်ချက် တည်ဆောက်ခြင်းတို့ကဲ့သို့ ရေရှည်အစီအမံများ ဆောင်ရွက်ခြင်းဖြင့် နှစ်စဉ်ကြုံတွေ့ကြရဖွယ်ရှိသော ရေကြီးရေလျှံရေလွှမ်းမိုးမှုအန္တရာယ်ကို ရင်ဆိုင်ကျော်လွှားကြရပါမည့်အကြောင်း။ ။