ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားသော ကမ္ဘာပေါ်ရှိထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၈ ရက်မှ ၁၆ ရက်အထိ အခမဲ့ဖူးမြော်ခွင့်ပြုခဲ့သည့် ဒုတိယနေ့ဖြစ်သော ဩဂုတ် ၉ ရက်တွင် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ဘုရားဖူးရောက်ရှိလာသော မြန်မာနိုင်ငံတစ်ဝန်းမှ မိဘပြည်သူများနှင့်တွေ့ဆုံပြီး ယင်းတို့၏ ရင်တွင်းခံစားရသော စကားသံများ၊ သာဓုအနုမောဒနာ ခေါ်ဆိုသံ များ၊ အနာဂတ်ဗုဒ္ဓသာသနာအတွက်မြော်တွေး၍ တက်ကြွသောစကားသံများကို ကြားသိခဲ့ရပါသည်။ အဆိုပါ ဘုရားဖူးပြည်သူများ၏ ရင်တွင်းဝမ်းသာပီတိ စကားသံများကို ပြန်လည်ရေးသား မျှဝေလိုက်ရပါသည်။
ဥူးအာစာရ တောင်တွင်းကြီးမြို့နယ်
ဦးဇင်းကတော့ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ မှန်ကျောင်းတိုက်ကပါ။ ဒီဘုရားကြီးကို ရုပ်မြင်သံကြားနဲ့ အွန်လိုင်းပေါ်မှာဖူးမြော်ရတာအားမရလို့ ကိုယ်တိုင်လာရောက်ဖူးမြော်တာပါ။ လာရောက်ပြီးဖူးမြော်ကြတဲ့ ပြည်သူတွေအားလုံး စိတ်အေးချမ်းသာစွာနဲ့ ပျော်ရွှင်နေကြတာမြင်ရတော့ ဦးဇင်းတို့လည်း စိတ်ချမ်းသာရတယ်။ နောက်ဘုရားမှာလည်း ပဋ္ဌာန်းတွေရွတ်တယ်။ မေတ္တသုတ်တွေလည်းရွတ်တယ်။ မေတ္တာလည်းပို့သပေးခဲ့ပါတယ်။ နိုင်ငံသူနိုင်ငံသားတွေအားလုံး အေးချမ်းဖို့ကိုလည်း ဆန္ဒပြုခဲ့ပါတယ်။ ဘုရားဖူး တဲ့နေရာမှာလည်း သံဃာတော်တွေနဲ့သက်ကြီးရွယ်အိုတွေအတွက် လမ်းလျှောက်စရာမလိုဘဲ မုခ်ဦးကနေဘုရားရင်ပြင်အထိ ကားလေးတွေစီစဉ်ပေးထားတာ တွေ့ရတယ်။ ဦးဇင်းတို့ကတော့လမ်းလျှောက်ပြီး ဖူးချင်လို့ကိုလမ်းလျှောက်လာလိုက်တာ။ လမ်းလျှောက်လာလိုက်တော့ အနှံ့ဖူးမြော်ရတာပေါ့။ အခုလည်း ဖူးလို့မပြီးသေးဘူး။ ပိဋကတ် တိုက်တွေအထိသွားပြီး လေ့လာဦးမှာပါ။ ဗုဒ္ဓပိဋကတ်ဆိုတာ ဗုဒ္ဓဘာသာအတွက် အဓိကအရေးကြီး ဆုံးဖြစ်တဲ့အတွက် ဦးဇင်းအနေနဲ့ ရှိသင့်တယ်လို့ခံယူထားတယ်။ ဒီပိဋကတ်တော်တွေကို ကိုးကားပြီး ပဉ္စမသင်္ဂါယနာတင်ခဲ့တယ်။ ပြီးတော့ မင်းတုန်းမင်းကြီး လက်ထပ်ကဆဋ္ဌသင်္ဂါယနာတင်ခဲ့တယ်။ နောင်တစ်ချိန်မှာ သတ္တသင်္ဂါယနာတင်ဖို့ဆိုတာ ဒီနိုင်ငံမှာဖြစ်လာမယ်လို့ တချို့လည်းထင်ကြေးပေးတာရှိပါတယ်။
ဒေါ်ဘဒ္ဒဝတီ (ပုဗ္ဗသီရိမြို့နယ်)
ဆရာလေးတို့ သီလရှင်ကျောင်းတိုက်က ပုဗ္ဗသီရိမြို့နယ် တပင်ရွှေထီးရပ်ကွက်မှာပါ။ ဘုရားဖူး လာရတာ ကြည်းနူးပီတိဖြစ်ရပါတယ်။ ဘုရားဝင်းကလည်း အကျယ်ကြီး၊ နောက်တော့ဒီလို ဉာဏ်တော်မြင့်ပြီး ထုထည်ကြီးမားတဲ့ရုပ်ပွားတော်မြတ်ကြီးကို မမြင်ဖူးသေးဘူး။ အဲဒါကြောင့် ကလေးတွေလည်း ဖူးလို့ရအောင်လိုက်ပို့ပေးတာဖြစ်ပါတယ်။ ပိဋကတ်သုံးပုံတော်လာအဋ္ဌ ကထာဋီကာကျမ်းစာတွေကို ခေတ်မီစက်ကိရိယာတွေ အသုံးပြုပြီး ပါဠိအက္ခရာနဲ့ Romanize Language နဲ့ ထွင်းထုထားတာ တွေ လေ့လာဖတ်ရှုခွင့်ရပါတယ်။ ဒီလိုမျိုး ထွင်းထုထားတော့ ဘုရား စာတွေ မပျောက်ပျက်တော့ဘူး။ ပြီးတော့ အနယ်နယ်အရပ်ရပ်နဲ့ နိုင်ငံတကာတွေက စိတ်ဝင်စားသူ အားလုံး အလွယ်တကူလာရောက် လေ့လာခွင့်ရတယ်။ ဆရာလေးတို့လည်း ဘုရားစာတွေ အမြဲလေ့လာနေရတာဆိုတော့ ပိုပြီးအဆင်ပြေသွားတာပေါ့။ အဲဒီအတွက်လည်း ဝမ်းသာပီတိဖြစ်ရပါတယ်။ မဖူးမြော်ရသေးတဲ့သူတွေလည်း လာရောက်ဖူးမြော်ကြပါ၊ ဒီမှာ လေ့လာစရာကျောက်စာတွေ အများကြီးရှိပါတယ်။ ပြီးတော့ဂန္ဓကုဋိတိုက် ၂၄ ဆောင်မှာလည်း ဘုရားသမိုင်းကြောင်းတွေ ရေးထားတာတွေ၊ ၂၄ ပစ္စည်းကိုပစ္စည်းတစ်ခုချင်း ရှင်းပြထားတဲ့ပန်းချီကားတွေကိုလည်း လေ့လာခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းသာပီတိဖြစ်ရပါတယ်။
ဒေါ်ပု (ကံမမြို့နယ်)
အဘွားကတော့ မကွေးတိုင်းဒေသကြီး သရက်ခရိုင်ကံမမြို့နယ် အလယ်ချောင်းရွာကပါ။ အသက်က (၇၂) နှစ်ရှိပါပြီ။ သာယာလို့ ပျော်ရွှင်လို့အင်မတန်ပီတိတွေဖြစ်လွန်းလို့ ဘုရားကြီးကို ကိုယ်တိုင်လာရောက်ဖူးမြော်တာပါ။ အခုလိုကိုယ်တိုင်လာရောက် ဖူးမြော်တော့ ဘုရားကြီးနဲ့အတူ ကျောက်စာရုံ စေတီတွေကိုလက်တွေ့လေ့လာခွင့်နဲ့ဖူးမြော်ခွင့်ရပါတယ်။ ရွာရောက်ရင်မသိ သေးတဲ့သူတွေကို ပြောပြလို့ရတာပေါ့။ ဦးဆောင်ဘုရားဒါယကာကိုလည်း ကျေးဇူးတင်လို့တောင် မဆုံးပါဘူး။ ဒီဘဝ ဒီတစ်ခေါက်ရောက်လာတာ ဒါမျိုးဖူးမြော်၊ တွေ့မြင်ရတော့ဝမ်းသာလွန်းလို့၊ ပီတိဖြစ်လွန်းလို့ကို မဆုံးပါဘဲ။ လာရောက်မဖူးမြော်ရသေးတဲ့ သူတွေကိုလည်းလာရောက်ဖူးမြော်ကြပါလို့ တိုက်တွန်းချင်ပါတယ်။
ဦးမြင့်အောင် (အငြိမ်းစားဝန်ထမ်း)
ပုဗ္ဗသီရိမြို့နယ်
ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုး တစ်ယောက်အနေနဲ့ ဒီလိုဘုရားကြီးကို ကိုယ်တိုင် ကိုယ်ကျ လာရောက်ဖူးရတာ၊ ဒီလိုကျောက်ဆစ်ထုထားတဲ့ လက်ရာတွေ၊ ဘုရားသမိုင်းတွေ၊ ပါရမီရှိတဲ့ပုဂ္ဂိုလ်တွေရဲ့အကြောင်းတွေကို နောင်လာနောက်သားတွေသိရအောင် တစ်နေရာတည်းနဲ့ မြင်တွေ့ ဖူးမြင်ရတဲ့အတွက် တရားအသိလေးတွေရင်ထဲမှာ ကိန်းအောင်းသွားပြီးအင်မတန်မှ ကျေနပ်စရာ၊ ဝမ်းသာစရာတွေခံစားမိပါတယ်။ ဘုရားကြီးကို ဖူးရတဲ့အတွက် မြန်မာလူမျိုးတွေရဲ့ ကျောက်ဆစ် လက်ရာတွေကိုလည်း တွေ့ရတယ်။ ကျွန်တော်တို့ အသက်အရွယ်အရ အရင်ကကိုယ်သတိမထားမိတာတွေ သတိထားမိသွားတယ်၊ သံဝေဂယူစရာ အတော်များများကို မြင် တွေ့ရပြီး သံဝေဂရစရာ အသိတွေလည်း ရရှိခဲ့ပါတယ်။ ဘုရားကြီးရဲ့မျက်နှာတော်ကို ဖူးရတာကတော့ ရင်ထဲမှာအေးချမ်းသွားသလို ငြိမ်းချမ်းတဲ့ခံစားမှုလေးခံစားမိပါတယ်။ အခုလို မိုးရာသီဖြစ်နေ တာတောင် ထီးကိုယ်စီဆောင်းပြီး လာရောက်ဖူးမြော်ကြတာကိုတွေ့ရတယ်။ ရုပ်မြင်သံကြားမှာမြင်တွေ့ဖူးမြော်ရတာနဲ့ ကိုယ်တိုင်လာရောက်ဖူးမြော်ရတာ တခြားစီ ပါပဲ။ ရုပ်မြင်သံကြားမှာ သတင်း တွေလာတိုင်း ဖူးမြော်ရပေမယ့် ကိုယ်တိုင်လာရောက် ဖူးမြော်တော့ ကိုယ်ထင်တာထက် ပိုပြီး ခမ်းနား မှု ရှိတယ်၊ ကြည်ညို ဖွယ်ကောင်းပြီး ငြိမ်းချမ်းမှုကို ပိုပြီး ရစေပါတယ်။
ကိုနေမျိုးဦး၊ ကိုအောင်ဇင်၊
ကိုတင်နိုင်ဝင်း (မန္တလေးမြို့)
ဒီဘုရားကြီးကို ဖူးမြော်ခွင့်ရဖို့မန္တလေးကနေ ဆိုင်ကယ်တွေနဲ့လာခဲ့ကြတာပါ။ ဆိုင်ကယ်နဲ့လာတဲ့ အချိန်ကတော့မန္တလေးကနေ နေပြည်တော်ကိုအရောက် ငါးနာရီကြာပါတယ်။ မန္တလေးမှာနေကြတယ်ဆိုပေမယ့် နေတဲ့ရပ်ကွက်ချင်းမတူပါဘူး။ သူငယ်ချင်းတွေစုပြီး နေပြည်တော်မှာတည်ထားတဲ့ မာရဝိဇယဘုရားကြီးကို သွားဖူးကြမယ်ဆိုပြီး ထွက်လာခဲ့ကြတာပါ။ ဒီဆင်းတုတော်ကြီးကို ဖူးရင်းကျောက်စာတွေကိုလည်း လေ့လာရင်းဆိုပြီးလာခဲ့တာပါ။ မနေ့က ရောက်တာဆိုတော့ မနေ့ကညပိုင်းကလည်း ဒီဘုရားကြီးကို လာရောက်ဖူးမြော်ခဲ့ပါသေးတယ်။ နေရာစုံမရောက်သေးလို့ ဒီနေ့ထပ်ပြီးလာခဲ့တာပါ။ နေပြည်တော်မှာ အခုလိုကျောက်စာတွေရှိတော့ မန္တလေးကို လာစရာမလိုတော့သလို ရန်ကုန်ကလာမယ်ဆိုရင်လည်း ခရီးပိုနီးသွားတာပေါ့။ ဘုရားကြီးကလည်း တော်တော်သပ္ပာယ်ပါတယ်။ ရာသီဥတုကြည်လင်တဲ့ အချိန်ဆိုရင် ဘုရားကြီးကကောင်းကင်ပြာနောက်ခံနဲ့ ဆင်းတုတော်ကြီးရဲ့အဖြူရောင်နဲ့ ပိုပြီးကြည်ညိုဖွယ်ကောင်းပါတယ်။
မာရဝိဇယရုပ်ပွားတော်မြတ်ကြီးနှင့် ကျောက်စာရုံစေတီတော်များကို မြန်မာနိုင်ငံတစ်နံတစ်လျား အရပ်လေးမျက်နှာမှတဖွဲဖွဲရောက်လာ၍ ဖူးမြော်ကြည်ညိုကြသည်။ လာရာအရပ်မတူညီ ကြသော်လည်း ငြိမ်းချမ်းခြင်း၊ သဒ္ဓါပီတီဖြစ်ခြင်း၊ ကျေနပ်ခြင်းအပြင်ဝမ်းမြောက်၍ သာဓုအနုမောဒနာပြုကြခြင်းစသည့် ခံစားမှုများကတော့ တူညီကြသည်ကို မြင်တွေ့ရပါကြောင်း မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ဒုတိယ ဝါဆိုလပြည့်ကျော် ၈ ရက် (ဥပုသ် နေ့) မြင်ကွင်းမှ ဘုရားဖူးတို့၏ခံစားမှုနှင့် အတွေးအမြင်များကို တင်ပြလိုက်ရပါသည်။
တွေ့ဆုံမေးမြန်း - အလင်းသစ်၊ သန်းတင်အောင်
ဓာတ်ပုံ - နေမျိုး