နေပြည်တော် ဩဂုတ် ၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ် နောင်မွန်းကျေးရွာရှိ ရွှေတက်တိုးသမဝါယမအသင်း၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် နောင်တရားမြို့ရှိ နောင်တရား အာလူးစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း၏ သဘာဝမြေဩဇာ စက်ရုံတည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ အသင်းဥက္ကဋ္ဌက စက်ရုံတည်ဆောက်နေမှုနှင့် သဘာဝမြေဩဇာထုတ်လုပ်မည့် အစီအစဉ် တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးကလာမည့် နိုဝင်ဘာ၊ ဒီဇင်ဘာလတွင် သဘာဝ မြေဩဇာများကို စတင်ထုတ်လုပ်၍ ဒေသခံတောင်သူများကို ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချနိုင်ရေး၊ သဘာဝမြေဩဇာ ထုတ်လုပ်ဖြန့်ချိ ရောင်းချခွင့် လုပ်ငန်းလိုင်စင် လျှောက်ထားရေး၊ ကုန်ကြမ်းများ စဉ်ဆက်မပြတ်ရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားပြီး စက်ရုံအတွက် ရောက်ရှိနေသည့် စက်ပစ္စည်းများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပင်းတယမြို့နယ်သရက် ကုန်းတောင်ကျေးရွာရှိ ထွန်း တောက်ကြယ် နွားမွေးမြူရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းမှ အသင်းအမှုဆောင်များ၊ အသင်းသားများနှင့် တွေ့ဆုံ၍နွားခြံများ စနစ်တကျဆောက်လုပ်ရေး၊ ခြံလှောင်စနစ်ဖြင့် မွေးမြူခြင်းမှ ရရှိသော နွားချေးများကို သဘာဝမြေဩဇာအဖြစ် သီးနှံစိုက်ခင်းများတွင် အသုံးပြုကြရေး မှာကြားပြီး သရက်ကုန်းတောင်ရွာနှင့် မြောက်ရွာအတွက် အိမ်တိုင်ရာရောက် ရေသွယ်တန်းခြင်း လုပ်ငန်းတွင် လိုအပ်သည်များ ပြုပြင်မွမ်းမံ ဆောင်ရွက်ရန် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ရန်ပုံငွေကျပ် သိန်း ၁၅၀ ထောက်ပံ့ပေးအပ် သည်။
ဆက်လက်၍ ယွန်းလျှံလယ်ယာ အထောက်အကူပြုကုမ္ပဏီမှ သရက်ကုန်းတောင်ရွာရှိ ထွန်းတောက်ကြယ် နွားမွေးမြူရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းမှ အသင်းသူအသင်းသားများ စိုက်ပျိုးရန် အဲဗားဂရင်းမြက် ပျိုးပင်များ၊ ပြည်လုံးချမ်းသာ ကြီးမြန်သစ်ပင် အပင် ၂၀၀ နှင့် စိမ်းစိုအော်ဂဲနစ်ကွန်ပေါင်း မြေဩဇာများကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် သရက်ကုန်းကျေးရွာရှိ ထွန်းတောက်ကြယ် နွားမွေးမြူရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းမှ မွေးမြူထားသော နွားခြံများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
သတင်းစဉ်