Skip to main content

မော်လမြိုင်မြို့၊ ပန်းပဲတန်းရပ်ကွက်ရှိ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၌ ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွား

နေပြည်တော် ဩဂုတ် ၄

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းပဲတန်းရပ်ကွက်ရှိ အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်း၌ ဩဂုတ် ၃ ရက် ည ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက မီးသတ်ယာဉ် ၂၅ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၄၉ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

ထိုသို့ မီးလောင်ကျွမ်းမှုကြောင့် ကျောင်းအုပ်ကြီးရုံးခန်း၊ စာရေးအခန်းနှင့် စာသင်ခန်း ၉ ခန်းပါ နှစ်ထပ်ဆောင် အဆောက်အဦ ၁ လုံး၊ စာသင်ခန်း ၇ ခန်းပါ သုံးထပ်ဆောင် အဆောက်အဦ ၁ လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ကာ လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားခဲ့သည့်ကျောင်းသို့ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး ဆရာ၊ ဆရာမများအား တွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။