Skip to main content

လူသားချင်း စာနာထောက်ထား ငြိမ်းချမ်းသာယာမှုကို ဆောင်ကြဉ်း

၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ကောင်းခြင်းအဖြာဖြာနှင့် ကျက်သရေမင်္ဂလာလွှမ်းခြုံတိုးတက်ဝေစည်သော နေ့တစ်နေ့ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ဒုတိယဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် မြန်မာပြည်တစ်ဝန်းသာမက ကမ္ဘာတစ်ဝန်းတွင်ပါ ငြိမ်းချမ်းသာယာမှုအပေါင်းကို  ဆောင်ကြဉ်းစေရန်ရည်ရွယ်၍ ကမ္ဘာပေါ်ရှိ ကျောက်ဆစ်ရုပ်ပွားတော်များတွင် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရေစက်ချမဟာမင်္ဂလာ အခမ်းအနားကြီး ကျင်းပခဲ့သည်။

ထိုနေ့တွင်ပင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည်   ဒုတိယဝါဆိုလပြည့်  ဓမ္မစကြာအခါတော်နေ့   အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား အကျဉ်းသူ ရှစ်ထောင်ခန့်ကို ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

မင်္ဂလာရှိသောနေ့ရက်တွင် မင်္ဂလာရှိသောသတင်းကောင်းများကို ကြားသိရသည့်အတွက် အတိုင်းမသိ ဝမ်းမြောက်ဝမ်းသာဖြစ်ကြမည့် ကာယကံရှင်များနှင့်ထပ်တူ ပြည်သူများ အနေဖြင့်လည်း နှလုံးစိတ်ဝမ်း ချမ်းမြေ့ကြရမည်ဖြစ်သည်။ လူ့ဘဝတွင် “အသက်တစ်ရာမနေရ အမှုတစ်ရာပွေရဆိုသကဲ့သို့ မိမိတို့ပြုလုပ်ခဲ့သော ဥပဒေနှင့်ငြိစွန်းသည့် အကြောင်းကိစ္စ အမျိုးမျိုးတို့ကြောင့် ပြစ်ဒဏ်များကျခံခဲ့ရသည်ဖြစ်ရာ နိုင်ငံတော်အစိုးရ၏ ဤသို့ လူလူချင်း မေတ္တာ၊ စေတနာတရားရှေ့ထား ဆောင်ရွက်ပေးမှုများနှင့် အကျဉ်းသား အကျဉ်းသူတို့၏ကောင်းသော ခံယူချက်စိတ်ထားများပေါင်းစပ်၍ မိမိတို့အကျိုး၊ နိုင်ငံတော်အကျိုးများကို ကောင်းသောဘက်သို့ ရှေးရှုပြောင်းလဲဆောင်ရွက်ကြရမည်ဖြစ်သည်။

အကျဉ်းထောင်အသီးသီးတွင် သေဒဏ်ချမှတ်ခြင်းခံထားရသော အကျဉ်းသား အကျဉ်းသူများအနက် ပြစ်ဒဏ်လျှော့ပေါ့သင့်သူများကို သေဒဏ်ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြု၍ ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲကျခံစေခြင်း၊ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား အကျဉ်းသူ ၇၇၄၉ ဦးတို့ကို ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း၊ ပြစ်ဒဏ်ကျခံလျက်ရှိသည့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၂၂ ဦးတို့ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခြင်း၊ ပြစ်ဒဏ်ကျခံ နေရသည့် နိုင်ငံခြားသားအကျဉ်းသား အကျဉ်းသူ ၁၂၅ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍   ပြည်နှင်ဒဏ်ပေးခြင်းနှင့် တရားစွဲဆိုထားဆဲဖြစ်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်များနှင့် ဆက်စပ်သူ ၇၂ ဦးတို့၏ စစ်ဆေးဆဲအမှုများကို ပိတ်သိမ်းပြီး အမှုမှလွှတ်ခြင်းတို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတို့နှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေးအရ အပြုသဘောဆောင်သည့် အကောင်းမြင်စိတ် ထားဆောင်ရွက်ချက်များ၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေး မြှင့်တင်ဆောင်ရွက်မှုများ၊ လူ့အခွင့်အရေးဆိုင်ရာ အပြုသဘောဆောင်သော လုပ်ဆောင်ချက်များ၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့်  ပြည်တွင်းငြိမ်းချမ်းရေးကို အထောက်အပံ့ဖြစ်စေသည့် ဆောင်ရွက်ချက်များ၊ သေဒဏ်ကျခံနေရသူများကို ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲကျခံစေခြင်းအားဖြင့် လူ့အသက်ရှင်သန်ခွင့် ဆောင်ရွက်ချက်များအား ယခုကဲ့သို့ စေတနာရှေ့ထား လက်တွေ့ဆောင်ရွက်ပေးခဲ့ခြင်းများကို ပြည်သူလူထုတစ်ရပ်လုံးက   ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြမည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့တာဝန်ကို ဆောင်ရွက် နေစဉ်ကာလအတွင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့်သက်သာခွင့်များကို ဤသို့ထူးခြားသည့် နေ့ကြီးရက်ကြီးအခါကြီးများတွင် ပြုလုပ်ပေးလျက်ရှိသည်။

သို့ဖြစ်ရာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် ပြစ်ဒဏ်သက်သာခွင့်များရရှိခဲ့ကြသည့် သူများအနေဖြင့် မိမိတို့၏ မိသားစုများနှင့် ပျော်ရွှင်စွာ ပြန်လည်ပေါင်းစည်းခွင့်များ ရရှိကြမည်ဖြစ်သလို နိုင်ငံတော်မှထားရှိသောစေတနာကို ပြန်လည်အလေးထားသောအားဖြင့် နိုင်ငံအကျိုးပြု ဆောင်ရွက်မှုများ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းများတွင် ပြဋ္ဌာန်းထားသော ဥပဒေများနှင့်အညီ ပါဝင်ဆောင်ရွက်ပြီး လူ့ဘောင်လောက ငြိမ်းချမ်းသာယာဝပြောမှု ဆောင်ကြဉ်းနိုင်ကြမည်ဟု မျှော်လင့်ပါကြောင်း။     ။

ကြေးမုံအယ်ဒီတာ့အာဘော်