Skip to main content

နိုင်ငံ့စီးပွားမြှင့်တင်ရေး အလေးထားဆောင်ရွက်

မြန်မာနိုင်ငံတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ဘက်စုံကဏ္ဍစုံ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အစိုးရက နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ထုတ်ကုန်များပိုမိုထုတ်လုပ်ပြီး သွင်းကုန်များကို လျှော့ချနိုင်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ ထိုသို့ကြိုးပမ်းဆောင်ရွက်ရာတွင် တရားမဝင် ကုန်သွယ်မှုလုပ်ငန်းများ သည် နိုင်ငံ့စီးပွားမြှင့်တင်ရာ၌ စိန်ခေါ်မှုများဖြစ်နေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “တရားမဝင်ကုန်သွယ်မှုများနှင့် သယံဇာတပစ္စည်းများ တရားမဝင်ထုတ်လုပ်ခြင်းများသည် မိမိတို့နိုင်ငံ့စီးပွားရေးအပေါ် ထိုးနှက်ချက်များပင်ဖြစ်ကြောင်း” နိုင်ငံ့စီးပွားမြှင့်တင် ရေးအစည်းအဝေးတွင် ပြောကြားခဲ့သည်။ ထို့အပြင် “ကုန်စည်ပို့ဆောင်ရေးနှင့် ပတ်သက်ပြီး လမ်းခရီးတွင်ရှိသောဂိတ်များ၌ မလိုလားအပ်သည့် ကုန်ကျစရိတ်များ မရှိစေရေး တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် တာဝန်ရှိသူများက အလေးထား ကြပ်မတ်ဆောင်ရွက်သွားရန်” အခြေခံစားသုံးကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေး အစည်းအဝေးတွင် ပြောကြားခဲ့သည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးတွင် အဟန့်အတားဖြစ်နေသည့် တရားမဝင်ကုန်သွယ်မှုကို ထိရောက်စွာတိုက်ဖျက်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီသည် လုပ်ငန်းလမ်းညွှန်၊ စစ်ဆေးကြပ်မတ်၊ တားဆီးမှုများကို မျက်ခြည်မပြတ် ဆောင်ရွက်လျက်ရှိရာ တရားမဝင်ကုန်ပစ္စည်းများကို နှစ်စဉ်တိုးတက်ဖမ်းဆီးရမိလျက်ရှိသည်။ သို့သော် တရားမဝင်ကုန်သွယ်မှုများသည် လျော့နည်းကျဆင်းသွားခြင်းမရှိဘဲ ဆက်လက်လုပ်ကိုင်ဆောင်ရွက်နေကြသည်ကိုတွေ့ရသည်။

မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ ရှည်လျားသည့် နယ်စပ်မျဉ်းတစ်လျှောက်တွင် တရားမဝင်ဝင်ထွက်ပေါက်များရှိနေသည်။ နယ်စပ်မှောင်ခိုရှောင်ကွင်းလမ်းများအပြင် တရားဝင်နယ်စပ်ဂိတ်များတွင် တာဝန်ကျနိုင်ငံ့ဝန်ထမ်းများ၏ အားနည်းချက်များကြောင့် တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်နေသည်။ တရားမဝင် ကုန်ပစ္စည်းများကို ဖော်ထုတ်ဖမ်းဆီးနေသည့်ကြားမှ နိုင်ငံအတွင်းပိုင်းအထိ ဝင်ရောက်နေသည်။ ထို့ကြောင့် “တရားမဝင်ကုန်ပစ္စည်းများ သိမ်းဆည်းနိုင်မည့် သိုလှောင်ရုံများနှင့် ဈေးကွက်များအထိ ဝင်ရောက်စစ်ဆေး အရေးယူဆောင်ရွက်ရန်လိုကြောင်း” တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။

တရားမဝင်ကုန်ပစ္စည်းများ နိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်းကို ကုန်သည်အချင်းချင်းသိရှိကြသည်။ ထို့ကြောင့် နိုင်ငံ့အကျိုးစီးပွား၊ မိမိတို့၏အကျိုးစီးပွားကို ရှေးရှု၍ သိလျှင်သိချင်း သက်ဆိုင်ရာသို့ အသိပေး အကြောင်းကြားရန်လိုအပ်ပေသည်။ တရားမဝင်ကုန်သွယ်မှုများ ဆက်လက်ဖြစ်ပေါ်နေခြင်း၏ အဓိကအကြောင်းရင်းမှာ အစိုးရ၏မူဝါဒ၊ ရောင်းလိုအားနှင့်ဝယ်လိုအား၊ ပွင့်လင်းမြင်သာမှုနှင့်ကုန်သွယ်မှု၊ အကောက်ခွန်လုပ်ငန်းဝန်းကျင် စသည်တို့ဖြစ်သည်။ ထို့အပြင် နိုင်ငံအတွင်း လုံခြုံရေးအရ လိုအပ်ချက်ရှိနေသည့် နယ်စပ်ဒေသများရှိနေခြင်း၊ နယ်စပ်ဒေသများမှာ ရှည်လျားသဖြင့် နိုင်ငံအချင်းချင်း လွယ်ကူစွာဖြတ်သန်းနိုင်သည့် နေရာအများအပြားရှိခြင်းကြောင့် လုံခြုံရေးအရ စောင့်ကြည့်ထိန်းသိမ်းရန်ခက်ခဲခြင်း၊ ဥပဒေအရအားနည်းချက်များရှိခြင်း၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြသည့် ဝန်ထမ်းအင်အားနှင့် စွမ်းဆောင်ရည်နိမ့်ကျ ခြင်း၊ အကျင့်ပျက်ခြစားမှုရှိခြင်း စသည့်အချက်များသည် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရာတွင် စိန်ခေါ်မှုများဖြစ်နေသည်။

မြန်မာနိုင်ငံနှင့် အဓိကကုန်သွယ်ဖက်ဖြစ်သည့် မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်မှု ၂၀၂၂ ခုနှစ် မေလမှ ၂၀၂၃ ခုနှစ် ဧပြီလစာရင်းတွင် ထိုင်းနိုင်ငံ၏ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၃၂ ဘီလီယံဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ စာရင်းများအရ မြန်မာ-ထိုင်း ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၉၃ ဘီလီယံဖြစ်၍ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၃၉ ဘီလီယံ ကွာခြားနေသည်။ ထို့ကြောင့် နှစ်နိုင်ငံကုန်သွယ်မှုစာရင်းတွင် တစ်နှစ်အတွင်း ကွာခြားချက်ဖြစ်ပေါ်နေခြင်းသည် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများ ဆက်လက်အားကောင်းနေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

တရားဝင်ကုန်သွယ်မှု ချောမွေ့စေရေးအတွက်လည်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖွင့်လှစ်ထားသည့် ကုန်သွယ်ရေးစခန်းများ၊ စစ်ဆေးရေးစခန်းများနှင့် လုံခြုံရေးဂိတ်များတွင် လာဘ်ပေးလာဘ်ယူမှုများ မရှိစေရေး၊ မလိုအပ်ဘဲ အချိန်ကြန့်ကြာမှုများမဖြစ်စေရေး အလေးထား ကြပ်မတ်ဆောင်ရွက်ကြရန်နှင့် လာဘ်ပေးလာဘ်ယူမှုများ ဖော်ထုတ်တွေ့ရှိရပါက တာဝန်ရှိသူအဆင့်ဆင့်ကို ထိထိရောက်ရောက်အရေးယူရန် ဦးဆောင်ကော်မတီဥက္ကဋ္ဌက လမ်းညွှန်မှာကြားထားသည်။ သို့ဖြစ်ရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် တရားမဝင်ကုန်သွယ်မှုများကို လမ်းညွှန်ချက်များနှင့်အညီ အလေးထားလိုက်နာဆောင်ရွက်ရန် တိုက်တွန်းအပ်ပါကြောင်း။     ။