Skip to main content

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော် ဇူလိုင် ၂၈

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အစိုးရရပ်ကွက်ရှိ ပင်လယ်ကမ်းခြေ ပွိုင့်အရှေ့ ကားလမ်းမ လမ်းဘေးဝဲ/ယာ တစ်လျှောက်၌ ပေါက်ရောက်နေသည့် ခြုံနွယ်၊ ပေါင်းပင်၊ မြက်ပင်များနှင့်အမှိုက်များ၊ သစ်ပင်၊ သစ်ကိုင်းများကို ဌာနဆိုင်ရာ ဝန်ထမ်းများမှ သန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေးကြသည်။

အလားတူစစ်တွေမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်ကျော်မိုးသည် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တွေ့ဆုံကြသည်။ ယင်းနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်ပြန်လည်ထူထောင်ရေးအတွက် အာဆီယံနှင့်အင်ဒိုနီးရှား နိုင်ငံများမှ ကူညီထောက်ပံ့ပေးသည့် ကုန်ပစ္စည်းများနှင့် အဝတ်အထည်များအား သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။