နေပြည်တော် ဇူလိုင် ၂၇
မဲခေါင်-လန်ချန်း MSME များ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ အဆင့်မြှင့်တင်နိုင်ရန်စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန ရုံးအမှတ် ၃၀ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဖိုရမ်သို့ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီအတွင်းရေးမှူး စက်မှုဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Counsellor ဖြစ်သူ Mr. Ouyang Daobing ၊ စက်မှုဝန်ကြီးဌာနမှညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုညှိနှိုင်း ကွပ်ကဲရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မဲခေါင်-လန်ချန်းဒေသမှ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။
အခွင့်အလမ်းများကို ပေးစွမ်းနိုင်
ဦးစွာ ဒုတိယဝန်ကြီးက ဒစ်ဂျစ်တယ်နည်းပညာ များသည် MSME များအတွက် ကြီးမားသော အခွင့်အလမ်းများကိုပေးစွမ်းနိုင်ပြီး ၎င်းတို့၏လုပ်ငန်းများကို ချဲ့ထွင်ခြင်း၊ စျေးကွက်အသစ်များသို့ တိုးချဲ့ခြင်းများကို လွယ်ကူချောမွေ့စေပါကြောင်း၊ MSME လုပ်ငန်းရှင်များအနေဖြင့် ဒစ်ဂျစ်တယ်ဈေးကွက်ကို ပိုင်နိုင်စွာဆောင်ရွက်နိုင်လျှင် ဈေးကွက်သစ် (သို့မဟုတ်) ဈေးကွက်ဝေစု ပိုမိုရရှိမည့်အပြင် ကမ္ဘာအနှံ့ရှိ ဝယ်ယူသုံးစွဲသူများနှင့် အချိန်တိုအတွင်းလွယ်လင့်တကူ ဆက်သွယ်ရောင်းချနိုင်မည်ဖြစ်၍ စီးပွားရေးလုပ်ငန်းများသည်လည်း ဖွံ့ဖြိုးတိုးတက် လာမည် ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ Counsellor Mr. Ouyang Daobing က လွန်ခဲ့သည့် ခုနစ်နှစ်ခန့်မှစတင်ခဲ့သော မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများ၏ MSME များ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သဖြင့် ယနေ့ကျင်းပသည့်ဖိုရမ်မှ မိမိတို့နိုင်ငံရှိ MSME များ၏ Digital အသုံးပြုမှုကိုပိုမိုမြှင့်တင်နိုင်ရေး နည်းလမ်းကောင်းနှင့် အတွေးအမြင်များ ဖလှယ် နိုင်မည်ဟု မျှော်လင့်ပါကြောင်းပြောကြားသည်။
ပူးပေါင်းဆောင်ရွက်လျက်ရှိ
ဆက်လက်၍ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က မဲခေါင်-လန်ချန်း ဒေသတွင်း နိုင်ငံများအကြားတည်ငြိမ်အေးချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အပြန်အလှန်ယဉ်ကျေးမှုဖလှယ်နိုင်ရေးစသည့် မဏ္ဍိုင် သုံးရပ်ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဖိုရမ်သို့တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
အဆိုပါဖိုရမ်တွင် E-Business ပုံစံများနှင့် သဘောတရားများ၊ MSME များ ဒစ်ဂျစ်တယ် စီးပွားရေးစနစ် ပြောင်းလဲမှုအလေ့အကျင့်များ၊ ဒစ်ဂျစ်တယ်စီးပွားရေးစနစ် မဟာဗျူဟာနှင့်စီမံခန့်ခွဲမှု၊ ဒစ်ဂျစ်တယ်စီးပွားရေး စနစ်ပြောင်းလဲရန်နည်းပညာလိုအပ်မှု၊ မဲခေါင်-လန်ချန်းဒေသတွင်းရှိ နိုင်ငံများတွင်ဒစ်ဂျစ်တယ် စီးပွားရေးစနစ်ပြောင်းလဲရန် အဆင်သင့်ရှိရမည့်အချက်များ၊ ဒစ်ဂျစ်တယ်ဆန်းသစ်ခြင်းနှင့် ပြောင်းလဲခြင်းများအတွက် မဲခေါင်-လန်ချန်း ဒေသတွင်းရှိ MSME များ၏ ကောင်းမွန်သည့် အလေ့အကျင့် များ၊ MSMEများ၏ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်မြှင့်တင်နိုင်ရန် အလိုအပ်ဆုံးသောဒစ်ဂျစ်တယ်ကျွမ်းကျင်မှုများ၊ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ပြောင်းလဲရန် တွေ့ကြုံရမည့်စိန်ခေါ်မှုများကို နှစ်ရက်ကြာ ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့်အုပ်စုများဖွဲ့၍ ဒစ်ဂျစ်တယ်စီးပွားရေးစနစ် ပြောင်းလဲမှုအစီအမံများရေးဆွဲခြင်း၊ ဖိုရမ်မှထွက်ရှိလာသည့် ရလဒ်များနှင့်ပတ်သက်၍လည်း ပြန်လည်ဆွေးနွေး သုံးသပ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်