ဘားအံ ဩဂုတ် ၁၈
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးကာလအတွင်း နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသာ အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် တတိယအကြိမ် ငွေကျပ် (၂၀၀၀၀) ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့က ဘားအံမြို့နယ်အတွင်း ကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသာအခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ကရင် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်ခင်ထွေးမြင့် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားထောက်ပံ့ရာတွင် ဘားအံမြို့နယ်၊ လှာကဒေါင်ကျေးရွာရှိ အိမ်ထောင်စု (၁၀၅) စု၊ အိန္ဒဲကျေးရွာရှိ အိမ်ထောင်စု (၂၅၁) စု၊ နောင်လုံအနောက်ကျေးရွာ အိမ်ထောင်စု (၁၃၂) စုအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် တတိယအကြိမ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။ အလားတူ ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်သည် အဆိုပါနေ့က ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာ အုပ်စု၊ ပေါ့ထော်ကျေးရွာအုပ်စု၊ မင်းဇီ (သိုက်တော) ကျေးရွာအုပ်စုတို့ရှိ ပုံမှန်ဝင်ငွေမရှိသာ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တစ်အိမ်ထောင်လျှင် တတိယအကြိမ် ငွေကျပ် (၂၀၀၀၀) ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော လျှပ်စစ်မီးရရှိရေး၊ လမ်းတံတားနှင့် ရွာချင်းဆက်လမ်းများဆောင်ရွက်ပြီးစီးမှုများကို ကျေးရွာဒေသခံများနှင့်တွေ့ဆုံကာ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဘားအံမြို့နယ်တွင် ယခင်စားရိက္ခာများ ထောက်ပံ့ပေးခဲ့ပြီး ထပ်မံ၍ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၁၅၀၀၀) နှင့် ဒုတိယအကြိမ် (၂၀၀၀၀) ထောက်ပံ့ပေးခဲ့ကာ ယခုအခါ တတိယအကြိမ် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် ဆက်လက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းနှင့် ဘားအံမြို့နယ်တွင် ရပ်ကွက် (၉) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉၁) အုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၁၈၈၆၂) စုကျော်အတွက် ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)