နေပြည်တော် ဇူလိုင် ၂၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၁၆ ရှိ နေပြည်တော် နို့စားနွားမွေးမြူရေးခြံနှင့် နို့ပေါင်းစက်ရုံသို့ သွားရောက်ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေးစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အဆင့်မြင့်မွေးမြူရေးထုတ်ကုန်များထုတ်လုပ်နိုင်ရေး၊ အဆင့်မြင့်မွေးမြူရေးစနစ်ဖြင့် မွေးမြူနိုင်ရေး၊ မွေးမြူရေးကဏ္ဍ၏ ရင်းနှီးမြှုပ်နှံမှုမလုံလောက်မှုကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထုတ်ချေးပေးနိုင်ရေး၊ ရောဂါကြောင့် ဆုံးရှုံးမှုမရှိစေ ရေး၊ ကောင်းမွန်သည့် မွေးမြူရေးကျင့်စဉ်ကို အပြည့်အဝလိုက်နာကျင့်သုံးလာစေရေး၊ ထုတ်ကုန်အရည်အသွေးမီစေရေး၊ အဆင့်အတန်းမီစေရေးနှင့် အစားအစာဘေးကင်းလုံခြုံစေရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်မြင်စေရေးနှင့် တရားမဝင်နည်းလမ်းများဖြင့် ဝင်ရောက်လာသော တိရစ္ဆာန်ထွက်ပစ္စည်းများကို စနစ်တကျ ထိန်းကျောင်းတားဆီးကြပ်မတ်နိုင်ရေး တာဝန်ရှိသူများကို မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် နို့စားနွားမွေးမြူရေးခြံအတွင်း နို့စားနွားများ မွေးမြူထားရှိမှု၊ တိရစ္ဆာန်အစားအစာများနှင့် နေပီယာမြက်စိုက်ပျိုးထားရှိမှုကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်