ရန်ကုန် ဩဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ကျေးလက်ဒေသရှိ အထက-ရေနံတောင်ရွာမှ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ် ဝင်စာမေးပွဲ ဝိဇ္ဇာဘာသာတွဲ (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ ဘောဂဗေဒ)တွင် တစ်ပြည်လုံး အမှတ်အများဆုံး ဘာသာစုံဂုဏ်ထူးဖြင့် ပထမဆု ရရှိသည့် မောင်ဝေယံလင်းကျော်နှင့် ဒုတိယဆုရရှိသော ငါးဘာသာ ဂုဏ်ထူးရှင် မစုပိုပိုအောင် တို့ နှစ်ဦးအား ပညာတန်ဆောင် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာဦးသန်းဦးနှင့် ဒုတိယဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာ ဦးတင်ညိုတို့ အမှူးပြု သည့် ပညာတန်ဆောင် အုပ်ချုပ်ရေး အဖွဲ့က ချီးကျူးဂုဏ်ပြုပွဲ နှင့် ပညာသင်ဆုပေးအပ်ပွဲကို ဩဂုတ် ၁၂ ရက် မွန်းလွဲပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပညာသင်ဆုချီးမြှင့်ရခြင်းနှင့် ပတ်သက်၍ ပညာတန်ဆောင် အုပ်ချုပ်ရေး အဖွဲ့ကိုယ်စား ဆရာကြီးဦးအေးကြိုင်က ဂုဏ်ပြုစကားပြောကြားပြီး ထူးချွန်သူ ကလေး တစ်ဦးစီအား ဆရာကြီး ဦးမြင့်ဆွေက ပညာသင်ဆုများ ဂုဏ်ပြုချီးမြှင့်ကာ စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ကြသည်။
ထို့အပြင် အထက-ရေနံတောင်ရွာမှ ဝိဇ္ဇာဘာသာ တွဲတွင် တစ်ပြည်လုံး ပထမနှင့် ဒုတိယဆု ရရှိကြသူများနှင့် အတူ ကြံခင်းမြို့နယ်မှ အလွတ်ဖြေဆိုသော မောင်မင်းခန့်စည်သူအား ဝိပ္ပံ ဘာသာတွဲ၌ တစ်ပြည်လုံးတွင် အဋ္ဌမရရှိခဲ့သဖြင့် ယင်းအခမ်းအနားတွင် မြို့နယ် ဂုဏ်ဆောင် အဖြစ် ထည့်သွင်းဂုဏ်ပြုခဲ့ကြောင်း သိရသည်။
သတင်းစဉ်