Skip to main content

ရတနာဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” (တိုင်းပြည်ကချစ်ခင်မြတ်နိုး၍ နိုင်ငံတော်၏ သာယာဝပြောပျော်ရွှင်ခြင်းကို ဆောင်ကြဉ်းပေးမည့် ဆင်ဖြူရတနာ)၏ အသက်(၁)နှစ်ပြည့် မွေးနေ့မင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၂၃

ရတနာဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” (တိုင်းပြည်က ချစ်ခင်မြတ်နိုး၍ နိုင်ငံတော်၏သာယာဝပြော ပျော်ရွှင်ခြင်းကိုဆောင်ကြဉ်းပေးမည့် ဆင်ဖြူရတနာ)၏ အသက်(၁)နှစ်ပြည့် မွေးနေ့မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် အရှေ့ဘက်ဝတ္ထုကံမြေအတွင်းရှိ ရတနာဆင်ဖြူတော်ဆောင်တွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားမှူးက ရတနာဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” ၏ ကိုယ်ရေးအချက်အလက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီးတို့က ရတနာဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” အား အမွှေးနံ့သာရည်များ ပက်ဖျန်းကြသည်။

ယင်းနောက် ရတနာဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက”က ဥပ္ပါတသန္တိစေတီတော်အား ရှိခိုးဦးချပြီး အခမ်းအနားမှူးက ရတနာဆင်ဖြူတော်လေး၏ မွေးနေ့ရတုကို ဖတ်ကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ရတနာဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” အား အသက်(၁)နှစ်ပြည့်အထိမ်းအမှတ် လက်ဆောင်ကိုပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီးတို့က ရတနာဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” နှင့် မိခင်ဆင်မကြီးတို့အား အစာအာဟာရများ ကျွေးမွေးသည်။

ဆက်လက်ပြီး ရတနာဆင်ဖြူတော်လေး၏ အသက်(၁)နှစ်ပြည့် အထိမ်းအမှတ် မွေးနေ့ဖယောင်းတိုင်ကို မီးမှုတ်ပြီး အခမ်းအနားမှူးက ရတနာဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက”၏ မွေးနေ့မင်္ဂလာအတွက် ဆုတောင်းစကားမြွက်ကြား၍ မေတ္တာပို့သည်။ ထို့နောက် နိုင်ငံတော်တွင် ဒသမအကြိမ်မြောက် ပေါ်ထွန်းခဲ့သော ရတနာဆင်ဖြူတော်လေး၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ရတနာဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” ကချိုးဖြူငှက် ၁၀ ကောင်အား ဘေးမဲ့လွှတ်ပေးသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က အခမ်းအနားအောင်မြင်ခြင်းအထိမ်းအမှတ် ရတနာရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးကြပြီး အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ ရတနာဆင်ဖြူတော်ဆောင်အတွင်းရှိ ရတနာဆင်ဖြူတော်များနှင့် ရတနာဆင်ဖြူတော် အဖော်ဆင်များကို အစာအာဟာရများ ကျွေးမွေးခဲ့ကြသည်။

အဆိုပါ ရတနာဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” (တိုင်းပြည်က ချစ်ခင်မြတ်နိုး၍ နိုင်ငံတော်၏ သာယာဝပြော ပျော်ရွှင်ခြင်းကို ဆောင်ကြဉ်းပေးမည့် ဆင်ဖြူရတနာ)မှာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှက ၂၃.၇.၂၀၂၂ ရက်နေ့နံနက် မင်္ဂလာအချိန် ၀၆:၃၀ နာရီတွင် မွေးဖွားခဲ့ပြီး မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့်ရှိကြောင်း၊ ရတနာဆင်ဖြူတော် ကလေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာသြဇာကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့်နောက် ခြေသည်း ၄ ခုစီပါရှိခြင်း၊ နားကြီးခြင်း စသည့်ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက်နှင့်ကိုက်ညီသော ဆင်ဖြူတော်ကလေးဖြစ်ကြောင်း၊ မိခင်ဆင်မကြီးနှင့်အတူ နေပြည်တော်သို့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၇ တွင် ရောက်ရှိခဲ့ကာ ဆင်ဖြူတော်ကလေးမှာ ယခုအသက် ၁ နှစ်သားတွင် အရပ်အမြင့် ၃ ပေ ၁၀ လက်မ၊ ကိုယ်အလေးချိန် ၆၇၀ ပေါင်ရှိလာပြီး နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် ဝတ္ထုကံမြေအတွင်းရှိ ရတနာဆင်ဖြူတော်ဆောင်တွင် ကျန်းမာပျော်ရွှင်စွာဖြင့် နေထိုင်လျက်ရှိကြောင်းနှင့် ယခုရတနာဆင်ဖြူတော် “ရဋ္ဌနန္ဒက” (တိုင်းပြည်က ချစ်ခင်မြတ်နိုး၍ နိုင်ငံတော်၏ သာယာဝပြောပျော်ရွှင်ခြင်းကို ဆောင်ကြဉ်းပေးမည့်ဆင်ဖြူရတနာ)သည် ဒသမမြောက် ဆင်ဖြူတော်ဖြစ်ကြောင်း သတင်းရရှိသည်။