နေပြည်တော် ဩဂုတ် ၁၇
မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်း လက်စွဲစာအုပ်(မူကြမ်း)ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေး လုပ်ငန်းသည် ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ လုပ်ငန်းတစ်ရပ် ဖြစ်ပါကြောင်း၊ မူးယစ် ပြန်လည် ထူထောင်ရေး စခန်းများအား တိုးချဲ့ဖွင့်လှစ်ခြင်း၊ ဝန်ထမ်းများ အင်အားဖြည့်ဆည်း ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး သင်တန်းသားများ တိုးချဲ့လက်ခံခဲ့ပါကြောင်း၊ စခန်းအခြေပြု ပြန်လည်ထူထောင် ရေးသင် တန်းများ၊ ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေး သင်တန်းများကို အားသွန်ခွန်စိုက် ဖွင့်လှစ်ခဲ့ပါကြောင်း၊
ယခင်က ပြန်လည်ထူထောင်ရေးဦးစီးဌာန လက်အောက်တွင် မူးယစ်ပြန်လည်ထူထောင်ရေး စခန်း(၉)ခု ဖွင့်လှစ်ခဲ့ပြီး ယခုအခါ စခန်း(၁၂)ခု ဖွင့်လှစ်ထားပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် သင်တန်းများ ခေတ္တရပ်ဆိုင်းထားပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း မူးယစ်ဆေးဖြတ် လိုသူများက ဆက်သွယ်လာခြင်းများ ရှိသောကြောင့် တစ်ထောင့်တစ်နေရာမှ ပံ့ပိုးပေးနိုင်ရန်အတွက် သင်တန်းများ ပြန်လည်ဖွင့်လှစ်ရန် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနှင့် ၎င်းအားပြင်ဆင်ထားသော မူးယစ်ဥပဒေများကို ဝန်ထမ်းများအနေဖြင့် အမြဲလေ့လာရန် လိုအပ်ပါ ကြောင်း၊ မူးယစ်ပြန်လည်ထူထောင်ရေးလုပ်ငန်း လက်စွဲစာအုပ်မူကြမ်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းမှာ မူကြမ်းစာအုပ်တွင် လက်တွေ့ဆောင်ရွက်မှုနယ်ပယ်နှင့် ပေါင်းစပ်ပြီး ထိရောက်မှုရှိသော လုပ်ငန်းလက်စွဲ စာအုပ်ပေါ်ထွန်းလာစေရန် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ စာအုပ်ထုတ်ဝေရခြင်း၏ ရည်ရွယ်ချက်မှာ မူးယစ်ဆေးဝါး သုံးစွဲခဲ့သော လူငယ်များအား ပြန်လည်ထူထောင်ပေးရာတွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ် များ၊ တိုးတက်ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ ပြန်လည်သုံးသပ်၍ အခြေခံသိရှိပြီး နည်းစနစ်ပိုင်း များဖြင့် ဖြည့်စွက်ဆောင်ရွက် သွားနိုင်ရန်၊ သုံးစွဲသော မူးယစ်ဆေးဝါးများအလိုက် ပြောင်းလဲသွားသော အပြုအမူ၊ အတွေး အခေါ်၊ အယူအဆများကိုသိရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ချောမွေ့လွယ်ကူစွာ ဆောင်ရွက်နိုင်ရန်၊ ကော်(အငွေ့ပြန်)၊ ဆေးရွက်ကြီး၊ အရက်တို့နှင့် တစ်ခြား မူးယစ်ဆေးများ၏ သက်ရောက်မှုများ အပါအဝင် မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်များကို သိရှိနိုင် စေရန် ပြုစုထားခြင်း ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲအား ပြန်လည်ထူထောင်ရေးဦးစီးဌာနက ဦးဆောင်၍ အလင်းသစ် လူမှုဖွံ့ဖြိုးရေး အသင်းမှ ကူညီပံ့ပိုးခဲ့ပြီး ဩဂုတ်(၁၇)ရက်မှ (၂၁)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)