နေပြည်တော် ဇူလိုင် ၂၀
အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန်မျှော်မှန်းချက်ရေးဆွဲရေးနှင့်စပ်လျဉ်း၍ အာဆီယံမဏ္ဍိုင် (၃)ရပ်ရှိ ဝန်ကြီးဌာနများအကြား ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဇူလိုင် ၂၀ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အမှာစကားပြောကြားရာတွင် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၏ တိုးတက်မှုကို ကျေနပ်အားရကြောင်း၊ ဝန်ကြီးဌာနကိုယ်စားလှယ်များအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍများတွင် ကြုံတွေ့နေရသည့် လက်ရှိစိန်ခေါ်မှုများနှင့် အနာဂတ်စိန်ခေါ်မှုများကို ကြိုတင်မျှော်မှန်း ထားရန်နှင့် အနာဂတ်လုပ်ငန်းစဉ်များကို အဆိုပြုဆွေးနွေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ဆက်လက်ပြီး အာဆီယံအနာဂတ် မျှော်မှန်းချက်ကို ဆွေးနွေးရာမှာ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အမျိုးသားစီမံကိန်းများနှင့် ကိုက်ညီစွာထည့်သွင်းဆွေးနွေးခြင်းဖြင့် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုမှ အမျိုးသားအကျိုး စီးပွားကို ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ (HLTF-ACV) မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ နောက်ခံသမိုင်း၊ လုပ်ငန်းစဉ်၊ ဖြစ်ပေါ်တိုးတက်မှု၊ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး အာဆီယံမျှော်မှန်း ချက် ၂၀၄၅ စာတမ်း မူကြမ်းအပေါ် ညှိနှိုင်းဆွေးနွေးမှုအခြေအနေများနှင့် စိန်ခေါ်မှုများကို ဆွေးနွေး ပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် အာဆီယံမဏ္ဍိုင် (၃)ရပ်အောက်ရှိ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်လျက်ရှိသည့် လုပ်ငန်းစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ စိန်ခေါ်မှုများနှင့် အနာဂတ်မျှော်မှန်းချက်များအား ဆွေးနွေးတင်ပြသည်။ ဆွေးနွေးပွဲသို့ဝန်ကြီးဌာန စုစုပေါင်း ၂၇ ခုမှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ကြသည်။
သတင်းစဉ်