နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးရည်မှန်းချက်အဖြစ် ဦးတည်ဆောင်ရွက်လျက်ရှိသည်။ မိမိတို့နိုင်ငံသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိရာ ပြည်သူလူထု၏ လိုလားချက်ဖြစ်သကဲ့သို့ နိုင်ငံတော်ကလျှောက်လှမ်းနေသည့် ပါတီစုံဒီမိုကရေစီစနစ်မှ သွေဖည်မသွားဘဲ ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခိုင်မာရေးအတွက်သာ ဆောင်ရွက်နေခြင်းလည်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မရိုးသားသည့်နည်းလမ်းများဖြင့် အနိုင်ရရှိရေးဆောင်ရွက်ခဲ့ခြင်းနှင့် ဆက်စပ်၍ဖြစ်ပေါ်လာသော နိုင်ငံ၏အခြေအနေများအရ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တပ်မတော်ကနိုင်ငံ့တာဝန်များကို ဝင်ရောက်ထိန်းသိမ်းထမ်းဆောင်ခဲ့ရသည်မှာ နှစ်နှစ်ကျော်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ တပ်မတော်ကဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အဓိကတာဝန်မှာ “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန်” ဖြစ်ပြီး ယင်းသို့ဆောင်ရွက်နိုင်ရန်အတွက် အဓိကလိုအပ်ချက်မှာ “ပြည်သူတို့၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်ရမည့်” လိုအပ်ချက်ပင်ဖြစ်သည်။ အဆိုပါ အချက်နှစ်ချက်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် ထည့်သွင်းချမှတ်ကာ အလေးထားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်၏ လက်ရှိလုံခြုံရေးအခြေအနေနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၃) ၌ အမှာစကားပြောကြားရာတွင် “ယခုနှစ်အတွင်း ဇူလိုင် ၁၁ ရက်အထိ အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးမှု ၄၈၉ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇၈၂ ဦးရှိခဲ့ကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်များ လျော့သွားသော်လည်း ဆက်လက်ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ အပြည့်အဝဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်သွားမည်ဆိုသည့်အချက်တွင် အကောင်အထည်ဖော်နိုင်ရန်အတွက် လိုအပ်ချက်များရှိနေသေးသည်ကို တွေ့ရှိရကြောင်း။” ထည့်သွင်းပြောကြားသွားခဲ့သည်။ အကြမ်းဖက်မှုဖြစ်စဉ်များတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် အဆိုးဆုံးဖြစ်နေပြီး ကျန်ဒေသများတွင်လည်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တို့ ဖြစ်သည့်နေရာများ၌ ဖြစ်ပွားလျက်ရှိနေသည်။
အကြမ်းဖက်တိုက်ခိုက်မှုများ ရှိနေသည့်နေရာများသည် ဒီမိုကရေစီစနစ် မရှင်သန်နိုင်သော နေရာများပင်ဖြစ်သည်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပရာတွင် တတ်နိုင်သမျှ တစ်နိုင်ငံလုံးအကြားအလပ်မကျန် ကျင်းပနိုင်မှသာလျှင် ပြည်သူတစ်ရပ်လုံး ဒီမိုကရေစီ၏ အနှစ်သာရများကို ရရှိခံစားနိုင်မည်ဖြစ်ရာ ယင်းသို့ကျင်းပနိုင်ရေးအတွက် လက်နက်ကိုင်ပဋိပက္ခများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ ကင်းရှင်းရန်လိုအပ်သည်။ ပြည်သူလူထု၏ လူမှုစီးပွားဘဝများလုံခြုံရေး၊ ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် နိုင်ငံတော်ကကြိုးပမ်း ဆောင်ရွက်ရာတွင် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကလည်း ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။