နေပြည်တော် ဇူလိုင် ၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် မြွေရိုး ကျောင်းစုအုပ်စု ရုံးတောကျေးရွာရှိရွှေဝါထွန်း (၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၏ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့သို့စစ်ဆေးစဉ် အသင်းအမှုဆောင်များက အသင်းပိုင်မြေ (၂၄၇) ဧကအနက် လယ်မြေ (၃၃) ဧကနှင့် ယာမြေဧက (၈၀) တို့တွင် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ ရှင်းလင်း တင်ပြကြသည်။
ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင်အခွင့် အလမ်းရရှိရေးလုပ်ငန်းများကို သမဝါယမအသင်းအဖွဲ့စနစ်ဖြင့် ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် နိုင်ငံတော်အစိုးရက ရန်ပုံငွေများ ထောက်ပံ့ပေးလျက်ရှိသဖြင့် အကျိုးရှိရှိထိထိရောက်ရောက် အသုံးပြုပြီး အသင်းအမှုဆောင်များက လုပ်ငန်းများ အောင်မြင်ရေး၊ အသင်းသားများ အကျိုးစီးပွားတိုးပွားစေရေးတို့ကို အလေးထား ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကျန်ရှိနေသည့် အသင်းပိုင်မြေလွတ်များတွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေးနည်းလမ်းရှာဖွေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများအတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုများရရှိရေး ပံ့ပိုးဆောင်ရွက် ပေးမည်ဖြစ်ကြောင်း မှာကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေဝါထွန်း (၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း၏ လယ်မြေ ဧက (၄၀) တွင် GW-11 စပါးမျိုးနှင့် ထိုင်းနှံကောက်စပါးမျိုးများ၊ အခြားစိုက်ပျိုးမြေ (၆၈ ဒသမ ၃၆) ဧကတွင် ပြောင်းနှင့်အခြားသီးနှံများ စိုက်ပျိုးထားရှိမှုကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)